တိုကျို၊ စက်တင်ဘာ ၂၂

တိုင်ဖွန်း မုန်တိုင်း ဒူဟွန်ကြောင့် ဂျပန်မှာ လူ ၅ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ အရာရှိတွေက စက်တင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။

မုန်တိုင်းကြောင့် တိုကျိုမြို့အနီး လူနေအိမ် ထောင်ပေါင်းများစွာ လျှပ်စစ်မီး ပြတ်တောက်ခဲ့ရပါတယ်။

စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းမှာ မုန်တိုင်းဟာ ဂျပန် ကမ်းရိုးတန်းနဲ့ ဝေးရာသို့ ရွေ့လျားသွားပြီး ပစိဖိတ်သမုဒ္ဓရာထဲ ရောက်ရှိသွားတာကြောင့် မိုးသည်းထန်ပြီး မြေပြိုနိုင်တယ်ဆိုတဲ့ သတိပေးချက် အများစုကို အာဏာပိုင်တွေက ရုတ်သိမ်းခဲ့တာ အဆင့်လျှော့ချတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒူဟွန် မုန်တိုင်းကြောင့် တိုကျိုမြို့မှာ ကျင်းပမယ့် ကမ္ဘာ့ အကြီးမားဆုံး ဗီဒီယိုဂိမ်း ပြပွဲတွေထဲက တစ်ခုကို စောစော ပိတ်ပစ်ခဲ့ရပါတယ်။

ဂျပန်မှာ နွေရာသီနှောင်းပိုင်းနဲ့ ဆောင်းဦးရာသီ အစောပိုင်းတွေမှာ အားကောင်းတဲ့ တိုင်ဖွန်း မုန်တိုင်းတွေ မကြာခဏ တိုက်ခတ်လေ့ ရှိပြီး အခု ရာသီ တခြား မုန်တိုင်းတွေကြောင့်လည်း ဂျပန်မှာ ကျင်းပနေတဲ့ အာရှ အားကစားပြိုင်ပွဲ အခမ်းအနား တချို့ အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။

သေဆုံးသူတွေဟာ တိုကျိုမြို့အနီးအနား ဒေသတွေက ဖြစ်တယ်လို့ မီးသတ်နဲ့ သဘာဝဘေး စီမံခန့်ခွဲရေး အေဂျင်စီက ပြောပါတယ်။

မိုးသည်းထန်မှုကြောင့် မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ပျောက်ဆုံးနေသူ ၆ ဦးကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

တိုကျိုမြို့အနီး ချီဘာ ဒေသမှာ အိမ်ထောင်စုပေါင်း ၄၅၀၀၀ ကျော်ဟာ စက်တင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းအထိ လျှပ်စစ်မီး မရ ဖြစ်နေပြီး လူနေအိမ် ၄၆၀ ကျော် ပျက်စီးသွားခဲ့ပါတယ်။

Japan Airlines လေကြောင်းလိုင်းက စောစောပိုင်းမှာ လေကြောင်း ခရီးစဉ် ၁၃၅ ခု ဖျက်သိမ်းခဲ့ပြီး All Nippon Airways လေကြောင်းလိုင်းက ခရီးစဉ် ၁၄၀ ဖျက်သိမ်းခဲ့ပါတယ်။

ဒူဟွန် မုန်တိုင်း အားနည်းသွားပြီး အရှေ့မြောက်ဖက်သို့ ရွေ့လျားသွားပြီ ဆိုပေမယ့် တိုကျိုဒေသ အစိတ်အပိုင်းတွေမှာ စံချိန်တင် မိုးများ ရွာသွန်းခဲ့ပါတယ်။

လူသားတွေရဲ့ လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာတဲ့ ရာသီဥတု ပြောင်းလဲမှုက မိုးသည်းထန်လွန်းတဲ့ အခြေအနေကြောင့် ဖြစ်တဲ့ အန္တရာယ်တွေကို ပိုမို ပြင်းထန်လာစေပြီး ပိုမိုပူနွေးတဲ့ လေထုဟာ ရေများများ သိုလှောင်ထားတာကြောင့် ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.