ကမ္ဘောဒီးယားဟာ လူလိမ်လုပ်ငန်းတွေအတွက် ဘေးကင်းရာ နေရာမဟုတ်ဘူးလို့ ဝန်ကြီးချုပ် ပြော

ဖနွမ်းပင် ၊စက်တင်ဘာ ၂၃

ကမ္ဘာဒီးယား ဝန်ကြီးချုပ်က မိမိတို့ နိုင်ငံဟာ နိုင်ငံဖြတ်ကျော် လူလိမ်လုပ်ငန်းတွေအတွက် ဘေးကင်းရာ ခိုလှုံရာ နေရာတစ်ခု မဟုတ်ကြောင်း စက်တင်ဘာ ၂၃ ရက်က ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာ လိမ်လည်မှု ညီလာခံကို ဖွင့်လှစ်စဉ် ပြောပါတယ်။

ဖနွမ်းပင်မြို့မှာ ကျင်းပတဲ့ ညီလာခံဖွင့်ပွဲမှာ ဝန်ကြီးချုပ် ဟွန်မာနတ်က အခုလိုမျိုးး ပြောဆိုလာတာပါ။

အမေရိကန်နဲ့ တရုတ် အပါအဝင် နိုင်ငံပေါင်း တစ်ဒါဇင်ကျော်က ကိုယ်စားလှယ်တွေ အဲဒီ ညီလာခံသို့ တက်ရောက်ခဲ့ကြပါတယ်။

ကမ္ဘောဒီးယား ပြည်သူ ၁၇ သန်းကျော်ရဲ့ ဘဝအခြေအနေတွေကို အားလျော့အောင်လုပ်မယ့် မိမိတို့နိုင်ငံရဲ့ အခြေအနေ တိုးတက်မှုကို အားလျော့အောင် လုပ်မယ့် ရာဇဝတ်ဂိုဏ်းတွေကို ကမ္ဘောဒီးယားက ခွင့်ပြုမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

အချိန်နဲ့ တပြေးညီ ထောက်လှမ်းရေး သတင်းဝေမျှမှု အပါအဝင် နိုင်ငံတကာ ပိုမို ပူးပေါင်းဆောင်ရွက်မှုကို ကမ္ဘောဒီးယားက ထောက်ခံကြောင်းလည်း သူက ဖြည့်စွက် ပြောဆိုပါတယ်။

ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေတဲ့ နေရာ အဆောက်အဦတွေ ကင်းစင်အောင် လုပ်ဆောင်ထားကြောင်း ကမ္ဘောဒီးယား အာဏာပိုင်တွေက ပြောထားပါတယ်။

ဒါပေမဲ့ ကမ္ဘောဒီးယား အစိုးရရဲ့ စီးနင်းမှုတွေ ရှိနေပေမယ့် အဆင့်မြင့် ပုဂ္ဂိုလ်တွေ ဘာမှ မထိခိုက်ဘဲ ရှိနေတယ်လို့ လေ့လာသူ တချို့က တုံ့ပြန်ပါတယ်။

အခုကျင်းပတဲ့ ညီလာခံက ပူးပေါင်းဆောင်ရွက်ဖို့ ပိုပြီး လမ်းပွင့်လာကြောင်း ဖော်ပြနေတယ်လို့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး ဒေသဆိုင်ရာ ကိုယ်စားလှယ် ဒယ်လ်ဖင်း ချန့်ဇ်က ပြောပါတယ်။

ဒါပေမဲ့ နောက်ထပ် ပြီးမြောက်အောင် လုပ်ဆောင်ရမယ့် အလုပ်တွေ အများကြီး ရှိနေသေးပြီး နိုင်ငံတော်အဆင့်ရော နိုင်ငံတကာ ပူးပေါင်းပြီးတော့ရော လုပ်ဆောင်ရမယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်က ပြောပါတယ်။

တခြား အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အတူ ကမ္ဘောဒီးယား နိုင်ငံဟာ မကြာသေးခင် နှစ်များအတွင်းက နိုင်ငံဖြတ်ကျော် ဆိုက်ဘာ လူလိမ်လုပ်ငန်း စုရပ် ဖြစ်လာခဲ့ပါတယ်။

ရာဇဝတ်ဂိုဏ်းအများစုကို တရုတ်နိုင်ငံသားတွေက ဦးဆောင်နေပြီး လူမှောင်ခိုကူးပြီး ခေါ်ထားတဲ့ အလုပ်သမားတွေကို အသုံးချစေခိုင်းနေတာ ဖြစ်ပါတယ်။

အမေရိကန် အပါအဝင် နိုင်ငံအများရဲ့ ဖိအားပေးမှုကြောင့် ကမ္ဘောဒီးယားက အွန်လိုင်း လူလိမ်လုပ်ငန်း ရာပေါင်းများစွာကို စီးနင်းခဲ့ပြီး ပြီးခဲ့တဲ့နှစ်က လူထောင်ပေါင်းများစွာကို နှင်ထုတ်ခဲ့ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.