နယူးယောက်၊ စက်တင်ဘာ ၂၄

အမေရိကန်၊ အစ္စရေးတို့နဲ့ ၇ လနီးပါးကြာ စစ်ပွဲ ဖြစ်ပွားနေပြီးနောက် အီရန်အနေနဲ့ လုံးဝ ဒူးထောက် အရှုံးပေးမှာ မဟုတ်ဘူးလို့ သမ္မတ မာဆောက် ပီဇက်ခီယန်က ပြောလိုက်ပါတယ်။

ဒါပေမဲ့ မိမိတို့အနေနဲ့ စစ်ပွဲကို သံတမန်ရေးအရ ဖြေရှင်းရေး အသင့်ပြင်ထားတယ်လို့ ဆိုပါတယ်။

သဘောတူညီမှု မကြာခင် မရရှိဘူးဆိုရင် အီရန်ကို အမြစ်ဖြတ် ချေမှုန်းပစ်မယ်ဆိုတဲ့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ခြိမ်းခြောက်မှုကို တုံ့ပြန်ရာမှာ အီရန် သမ္မတက ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ ပိုများလာတဲ့ ဖိအားတွေ၊ အနိုင်ကျင့်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အီရန် ပြည်သူတွေရဲ့ ခုခံမှု ပိုမို ပြင်းထန်လာရုံပဲ ရှိတယ်လို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောပါတယ်။

သဘောတူညီမှု တစ်ခုခု ရခဲ့မယ်ဆိုရင်လည်း အဓိက ပင်လယ်ကွေ့ ရေလမ်းကြောင်းကို အီရန် သင်္ဘောတွေ အသုံးမပြုနိုင်အောင် အမေရိကန် ပိတ်ဆို့ထားမှု အဆုံးသတ်ရေး ပါဝင်ရမယ်လို့လည်း ပီဇက်ခီယန်က အခိုင်အမာ ပြောဆိုပါတယ်။

အီရန်သမ္မတ မိန့်ခွန်း ပြောချိန်မှာ အမေရိကန် ကိုယ်စားလှယ်တွေ အခန်းထဲက ထွက်ခွာသွားခဲ့တာ တွေ့ရပါတယ်။

အမေရိကန် သမ္မတက မိမိတို့ကို အကြမ်းဖက်သမားတွေ အဖြစ် ဖော်ပြထားပေမယ့် မိမိတို့ဟာ အကြမ်းဖက်မှုရဲ့ သားကောင်တွေ ဖြစ်နေရတယ်လို့ အီရန် သမ္မတက ဆိုပါတယ်။

အဲဒီနောက် ဖေဖော်ဝါရီလ လကုန်ပိုင်းက အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းတိုက်ခိုက်ချိန် သေဆုံးသွားခဲ့တဲ့ အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီရဲ့ ဓာတ်ပုံကို သူက မြှောက်ပြခဲ့ပါတယ်။

စက်တင်ဘာ ၂၃ ရက်က ဟောမု့ဇ် ရေလက်ကြားမှာ ကုန်တင်သင်္ဘော တစ်စီး တိုက်ခိုက်ခံရမှုကြောင့် အီရန် သင်္ဘောသား တစ်ဦး သေဆုံးခဲ့ရကြောင်း အိုမန်နဲ့ အီရန် အရာရှိတွေက ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုကို အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချထားပြီး ရေလက်ကြား ပြန်မဖွင့်ဖို့ တိုက်တွန်းထားပါတယ်။

အီရန်က ရေလက်ကြား ထိန်းချုပ်ရေး အစီအစဉ် တချို့ကို ဆက်လက် ထိန်းသိမ်းထားလိုပြီး ရေလက်ကြား အသုံးပြုတဲ့ သင်္ဘောတွေဆီက အဖိုးအခ ကောက်ခံဖို့ ဆန္ဒရှိနေပေမယ့် အမေရိကန်က ပယ်ချထားပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က အထွေထွေ ညီလာခံသို့ ပြောကြားတဲ့ မိန့်ခွန်းမှာ အီရန်နဲ့ သဘောတူညီချက် ယူရမလား ဒါမှမဟုတ် အမြစ်ဖြတ် ချေမှုန်းပစ်ရမလားဆိုတဲ့ ကြီးမားတဲ့ မေးခွန်း တစ်ခုနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.