ဂျပန်ကို စစ်မက်ကာလ ရန်သူနိုင်ငံအဖြစ် တံဆိပ်ကပ်မှု ဖယ်ရှားပေးရေး ဝန်ကြီးချုပ် တာကာအိချီ တောင်းဆို

နယူးယောက်၊ စက်တင်ဘာ ၂၃

စစ်မက်ခေတ် ၁၉၄ဝ ပြည့်နှစ်တွေက ဂျပန်ကို ရန်သူနိုင်ငံအဖြစ် သတ်မှတ်ထားမှုအပေါ် ဖယ်ရှားပေးရေး ဝန်ကြီးချုပ် ဆာနေး တာကာအိချီက သူ့ရဲ့ စက်တင်ဘာ ၂၂ ရက်မှာ ပြောကြားခဲ့တဲ့ ပထမဆုံး ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းအတွင်း တောင်းဆိုလိုက်ပါတယ်။

၁၉၅၆ ခုနှစ်မှာ ဂျပန်နိုင်ငံ ကုလသမဂ္ဂ အဖွဲ့ဝင် ဖြစ်လာပြီးနောက် နှစ်ပေါင်း ၇၀ အကြာမှာ ပြောကြားတဲ့ မိန့်ခွန်းအတွင်း တာကာအိချီက နိုင်ငံစုံစနစ်အတွက် တိုကျိုရဲ့ ကတိပြုမှုကို ထပ်မံ အတည်ပြု ပြောဆိုခဲ့ပါတယ်။

ပဋိပက္ခတွေကို ဖြေရှင်းရေး ကုလသမဂ္ဂရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်လို့ သံသယတွေ ပိုများလာနေပေမယ့် အရင်ကထက် ပိုအရေးပါနေတဲ့ အဖွဲ့အစည်း ဖြစ်တယ်လို့ သူက ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်ပြီး တရုတ်၊ ပြင်သစ်၊ရုရှား၊ ဗြိတိန်နဲ့ အမေရိကန်တို့က အမြဲတမ်း အဖွဲ့ဝင်နေရာတွေကို ရယူထားတာ ဖြစ်ပါတယ်။

အဲဒီ ၅ နိုင်ငံအနေနဲ့ လုပ်ထုံးလုပ်နည်း မဟုတ်တဲ့ ဆုံးဖြတ်ချက်တွေကို ဗီတိုအာဏာသုံးပြီး ပယ်ချနိုင်ပေမယ့် တခြား အဖွဲ့ဝင် ၁၀နိုင်ငံမှာတော့ ဗီတိုအာဏာ မရှိဘဲ နှစ်နှစ်သက်တမ်းအတွက် ရွေးချယ်ခံရတာ ဖြစ်ပါတယ်။

ဂျပန်က လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နေရာ ရရှိရေး ကြိုးပမ်းနေတာ ကြာပြီ ဖြစ်ပါတယ်။

အမြဲတမ်း အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံရဲ့ အကျိုးစီးပွားတွေ အန္တရာယ် ကျရောက်လာချိန်မှာ လက်ရှိ စနစ်ကြောင့် ကောင်စီဟာ မကြာခဏဆိုသလို လိပ်ခဲတည်းလည်း အခြေအနေ ကြုံရလေ့ရှိပါတယ်။

လုံခြုံရေးကောင်စီအနေနဲ့ နိုင်ငံတကာငြိမ်းချမ်းရေး ထိန်းသိမ်းရာမှာ တာဝန် ပျက်ကွက်နေတယ်လို့ တာကာအိချီက ပြောကြားပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ တိုက်တွန်းထားပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်မှုနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ရုရှားက ဗီတိုအာဏာ သုံးပြီး ပယ်ချခဲ့တာဟာ လုံခြုံရေးကောင်စီ စွမ်းဆောင်ရည်မထိရောက်တဲ့ အထောက်အထား ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ တိုးချဲ့ ထုတ်လုပ်နေတာ ဒုံးကျည် စီမံကိန်းတွေ အဆင့်တိုးမြှင့်နေတာတွေဟာ လုံခြုံရေး ကောင်စီ ဆုံးဖြတ်တွေကို ချိုးဖောက်မှု ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေအပေါ် ချိုးဖောက်မှုတွေကို စောင့်ကြည့်ရေး ကုလသမဂ္ဂအဖွဲ့အတွက် သက်တမ်းတိုးပေးမှုကို ရုရှားက ၂၀၂၄ ခုနှစ်အတွင်း ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်မှာ ရှုံးနိမ့်ခဲ့တဲ့ နိုင်ငံတွေကို ရန်သူနိုင်ငံ အဖြစ် နိုင်ငံတကာက သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အဲဒီ သတ်မှတ်ချက် အသက်ဝင်နေဆဲ ဖြစ်တယ်လို့ တရုတ်က ပြောကြားပြီး စစ်ရာဇဝတ်ကောင် နိုင်ငံအဖြစ် သတ်မှတ်ခံရမှု ရုတ်သိမ်းပေးစေဖို့ ကြိုးပမ်းနေတဲ့ ဂျပန်ကို ဖိအားပေးနေပါတယ်။

ကုလသမဂ္ဂ ပဋိညာဉ်ရဲ့ ပုဒ်မ ၅၃ ၊ ၇၇နဲ့ ၁၀၇ တို့မှာ ဂျပန်နဲ့ ဂျာမနီတို့ကို ရန်သူနိုင်ငံတွေအဖြစ် သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

Ref:Japantimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.