အမေရိကန်က ဒိန်းမတ်ပိုင် ဂရင်းလန်းမှာ စစ်အခြေစိုက် စခန်း နှစ်ခု တည်ဆောက်မယ်

နယူးယောက်၊ စက်တင်ဘာ ၂၃

အာတိတ်သမုဒ္ဒရာရှိ ဂရင်းလန်းနဲ့ ပတ်သက်လို့ ဒိန်းမတ်ရဲ့ အချုပ်အခြာ အာဏာကို ထပ်မံ အတည်ပြုပြီး အမေရိကန်က အဲဒီ ဒေသမှာ စစ်အခြေစိုက်စခန်း အသစ်နှစ်ခု တည်ဆောက်ခွင့်ရရှိမယ့် ကာကွယ်ရေး သဘောတူညီမှု တစ်ရပ်ကို အမေရိကန်နဲ့ ဒိန်းမတ်တို့ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။

နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြုလုပ်ခဲ့တဲ့ လက်မှတ်ရေးထိုးပွဲ မတိုင်ခင် အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က သင့်တော်တဲ့ နေရာတွေမှာ ကြီးမားတဲ့ စစ်အင်အားချထားရေး လုပ်ငန်းစဉ် ချက်ချင်း စတင်သွားမယ်လို့ ပြောပါတယ်။

အဲဒီ သဘောတူညီချက်ဟာ ဒိန်းမတ်၊ အမေရိကန်နဲ့ ဂရင်းလန်းအတွက် ကောင်းမွန်တဲ့ သဘောတူညီချက် ဖြစ်တယ်လို့ ဒိန်းမတ် ဝန်ကြီးချုပ် မက်တီ ဖရက်ဒရစ်ဆန်က ပြောပါတယ်။

ဂရင်းလန်း ဝန်ကြီးချုပ် ယန်စ် ဖရက်ဒရစ် နီလ်ဆင်က ဒါဟာ အားလုံးအတွက် ကောင်းတဲ့ သဘောတူညီချက် ဖြစ်တယ်လို့ ဆိုထားပါတယ်။

ခေါင်းဆောင်သုံးဦး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဂရင်းလန်း ဒေသနဲ့ ပတ်သက်တဲ့ တစ်နှစ်ကျော်ကြာ တင်းမာမှု အဆုံးသတ်သွားခဲ့ပုံရပါတယ်။

ထရန့်က အမျိုးသား လုံခြုံရေး စိုးရိမ်မှုတွေကို ဂရင်းလန်းရဲ့ ဗျူဟာကျတဲ့ ကာကွယ်ရေး တည်နေရာနဲ့ သတ္တုကြွယ်ဝမှုကို အကြောင်းပြပြီး အဲဒီ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို သိမ်းယူမယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။

သူ့ရဲ့ အဲဒီလို ပြောဆိုမှုတွေကြောင့် ဂရင်လန်း ဒေသခံတွေ၊ ဒိန်းမတ်နဲ့ ဥရောပ ခေါင်းဆောင်တွေက ပြစ်တင် ဝေဖန်ခဲ့ကြပြီး ထရန့်ရဲ့ ပြောဆိုမှုတွေက အတ္တလန္တိတ် ဖြတ်ကျော် ဆက်ဆံရေးကို အားလျော့စေတယ်လို့ ဥရောပရဲ့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

သဘောတူညီမှု အသစ်အရ အမေရိကန်ကို ဂရင်းလန်း တောင်ပိုင်းနဲ့ အရှေ့ပိုင်းရှိ နာဆာစကွက် ဒေသနဲ့ မက်စတာဆဗစ် ဒေသတို့မှာ နောက်ထပ် ကာကွယ်ရေး ဒေသ တစ်ခု တည်ဆောက်ခွင့်ပြုထားပါတယ်။

အခြေစိုက်စခန်းတွေရဲ့ အလားအလာနဲ့ နည်းပညာဆိုင်ရာ အသေးစိတ်ကို အတည်မပြုရသေးဘဲ သဘောတူညီမှုအရ သက်ဆိုင်ရာ အားလုံး သဘောတူရမှာ ဖြစ်ကြောင်း သတ်မှတ်ထားပါတယ်။

ဒါကြောင့် အမေရိကန်ရဲ့ လုံခြုံရေး အစီအစဉ်တွေဟာ အနှောင်အဖွဲ့ မရှိတာ မဟုတ်ဘဲ ဂရင်းလန်းနဲ့ ဒိန်းမတ်တို့ရဲ့ သဘောတူ ခွင့်ပြုချက် လိုအပ်နေဆဲ သဘော ဖြစ်ပါတယ်။

ထရန့်က စောစောပိုင်းမှာ ဂရိန်းလန်းကို ဝယ်ယူမယ်လို့ ပြောခဲ့တာကြောင့် ဒါဟာ တစ်ဖက်မှာ သူ့ရဲ့ ကြိုးပမ်းမှု သိသိသာသာ လျော့ကျသွားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အမေရိကန်အနေနဲ့ စစ်အင်အား တိုးမြှင့် ချထားနိုင်မှာ ဖြစ်ပြီး အရင်က သဘောတူညီမှုထက် အမေရိကန်ရဲ့ လုပ်ပိုင်ခွင့်တွေ ပိုများလာစေပါတယ်။

ဒါပေမဲ့ သဘောတူညီမှု အသစ်ကို ဒိန်းမတ်နဲ့ ဂရင်းလန်း လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြုဖို့ လိုအပ်နေပါသေးတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.