နယူးယောက်၊ စက်တင်ဘာ ၂၃
အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က အီရန်ကို တိုက်ခိုက်ရမလား ဒါမှမဟုတ် ငြိမ်းချမ်းရေး သဘောတူညီမှုယူဖို့ လုပ်ဆောင်ရမလားဆိုတဲ့ ကြီးမားတဲ့ ဆုံးဖြတ်ချက် တစ်ရပ်နဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောပါတယ်။
နယူးယောက်မှာ စက်တင်ဘာ ၂၂ ရက်က ဒေါ်နယ် ထရန့် မိန့်ခွန်း ပြောကြားချိန် အီရန် ကိုယ်စားလှယ် အဖွဲ့ဝင် တစ်ယောက်တည်းပဲ ကြည့်ရှုခဲ့တာ တွေ့ရပါတယ်။
အဲဒီ မိန့်ခွန်းအတွင်း ထရန့်က စစ်ပွဲ မပြေလည်ခဲ့ရင် အီရန်ကို သူ့အနေနဲ့ အမြစ်ဖြတ် ချေမှုန်းပစ်နိုင်တယ်လို့ ပြောဆိုလာတာပါ။
သူက ရုရှားနဲ့ ယူကရိန်းကြား ငြိမ်းချမ်းရေး ရရှိရေး ကြားဝင်ညှိနှိုင်းပေးမှာ ဖြစ်ကြောင်း ကတိပြုပြီး ဉာဏ်ရည်တုနည်းပညာ ယှဉ်ပြိုင်မှု အမေရိကန် အနိုင်ရရေး သေချာအောင် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။
အမေရိကန်နဲ့ အီရန် ကိုယ်စားလှယ်တွေကြား ဆွေးနွေးမှုတွေ ပါဝင်တဲ့ အဆင့်မြင့် သံတမန်ရေး ဆွေးနွေးတဲ့နေ့မှာ ထရန့်က အခုလိုမျိုး ပြောဆိုလာတာပါ။
အရှေ့အလယ်ပိုင်းနဲ့ ယူကရိန်း စစ်ပွဲတို့က သူ့ရဲ့ နိုင်ငံခြားရေး မူဝါဒ အစီအစဉ်ကို စမ်းသပ်နေချိန် ထရန့် ကိုယ်တိုင်လည်း ကမ္ဘာ့ခေါင်းဆောင် တစ်ဒါဇင်ကျော်နဲ့ တွေ့ဆုံခဲ့ပါတယ်။
သူက မိန့်ခွန်း စပြောချိန်မှာ စီးပွားရေး၊ လူဝင်မှု ကြီးကြပ်ရေး၊ နယ်စပ်နဲ့ အကြမ်းဖက် ရာဇဝတ်မှု တိုက်ဖျက်ရေးဆိုင်ရာ သူ့ရဲ့စွမ်းဆောင်နိုင်မှုတွေကို အမွှမ်းတင်ပြီး ပြောဆိုသွားပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ရေနံဈေးနှုန်းတွေကို မြင့်တက်စေပြီး သူ့အပေါ် လူထုထောက်ခံမှု လျော့ကျစေတဲ့ အီရန် စစ်ပွဲဟာ တရားဝင်ကြောင်းလည်း ထရန့်က အကြိမ်ကြိမ် ပြောဆိုသွားပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်က စောစောပိုင်းသူ့ရဲ့ မိန့်ခွန်းမှာ ကမ္ဘာလုံးဆိုင်ရာ သဘောထားကွဲလွဲမှုတွေ ပိုမို နက်ရှိုင်းလာကြောင်း ပြောကြားပြီး ကမ္ဘာသူ ကမ္ဘာသားတွေရဲ့ အချင်းချင်း အမှီပြုနေမှုကို အလေးထား ပြောဆိုသွားတာကြောင့် ထရန့်ရဲ့ လေသံနဲ့ ပြောင်းပြန် ဖြစ်နေပါတယ်။
အီရန်နဲ့ သဘောတူညီမှု တစ်ရပ် နိုဝင်ဘာလ ရွေးကောက်ပွဲပြီးတာနဲ့ ရရှိလိမ့်မယ်လို့ ယုံကြည်ကြောင်း ထရန့်က ပြောထားပါတယ်။
အဲဒီ ပြောဆိုမှုတွေက အင်အားအများကြီးဆုံး ခြိမ်းခြောက်ပြီးတော့ ညှိနှိုင်းမှုတွေ လုပ်ဖို့ လမ်းဖွင့်ပေးထားတဲ့ သူ့ရဲ့ အကြပ်ကိုင် သံတမန်ရေး နိုင်ငံခြားရေး မူဝါဒ ဗျူဟာကို ဖော်ပြနေပါတယ်။
အထွေထွေညီလာခံ ပြင်ပမှာ အီရန် ကိုယ်စားလှယ် အဖွဲ့နဲ့ အမေရိကန် အရာရှိတွေ သုံးနာရီကြာ တွေ့ဆုံမှု အရမ်းအကျိုးရှိတယ်လို့ ထရန့်က နောက်ပိုင်းမှာ သတင်းထောက်တွေကို ပြောပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်နဲ့ တွေ့ဆုံခဲ့ကြောင်း အီရန် နိုင်ငံပိုင် ရုပ်သံလိုင်းက အတည်ပြုထားပေမယ့် တီဟီရန် အရာရှိတွေကတော့ မှတ်ချက် မပြုသေးပါဘူး။
အီရန်က အမေရိကန် နောက်ဆုတ်မယ်ဆိုရင် ဟောမု့ဇ် ရေလက်ကြားကို ၇ ရက် အတွင်း ပြန်ဖွင့်ပေးမယ်လို့ ကမ်းလှမ်းထားကြောင်း အရှေ့အလယ်ပိုင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
Ref:BBC/Gulf News

