ပေါင်၊ စက်တင်ဘာ ၂၃
မွန်ပြည်နယ် ပေါင်မြို့နယ် ဘန့်ဘွေးကုန်းကျေးရွာအနီးမှာ ရန်ကုန်-မော်လမြိုင် အမှတ် (၈၃)အဆန် DEMU ရထားအား ခဲနဲ့ပစ်ပေါက်သူ တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ စက်တင်ဘာ ၂၂ ရက်နေ့ မနက် ၁၀ နာရီကျော်လောက်မှာ ပေါင်ဘူတာကနေ မော်လမြိုင်ဘူတာကို ထွက်ခွာလာတဲ့ DEMU ရထားကို ဆိတ်ကျောင်းနေတဲ့ အမျိုးသား တစ်ဦးက ခဲနဲပစ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် DEMU ရထားအား ရပ်တန့်ပြီး ခဲနဲ့ပစ်ပေါက်သူကို မီးရထားရဲနဲ့ မုတ္တမရဲစခန်းပူးပေါင်းအဖွဲ့တွေက လယ်ကွင်းအတွင်း လိုက်လံဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးခံရသူဟာ ဘန့်ဘွေးကုန်းကျေးရွာနေ အသက် ၄၅ နှစ်အရွယ် ကိုကျော်လင်းထွန်း ဖြစ်ပြီး အဲဒီဖြစ်စဉ်အတွင်း ငါးမျှားနေတဲ့ မောင်နိုင်ကိုလည်း ရဲတပ်ဖွဲ့က မျက်မြင်သက်သေအဖြစ် စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်သွားပါတယ်။
လက်ရှိမှာတော့ သူတို့ နှစ်ဦးကို မုတ္တမနယ်မြေရဲစခန်းမှာ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ခဲနဲ့ပစ်ပေါက်သူအဖြစ် စွပ်စွဲခံထားရတဲ့ ကိုကျော်လင်းထွန်းဟာ ပြစ်မှုထင်ရှားကြောင်း အမှုဖွင့်အရေးယူခံရပါက အနည်းဆုံး ထောင်ဒဏ် ငါးနှစ်ကနေ ထောင်ဒဏ် အနှစ် ၂၀ အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။
သတင်း – သံလွင်တိုင်းမ်

