ကျိုက်ထို၊ စက်တင်ဘာ ၂၃
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကညင်အိုင်ကျေးရွာမှာ အာဏာသိမ်း စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား တစ်ဦး သေဆုံးခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ စက်တင်ဘာ ၂၂ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်မှာ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်ကနေ ကညအိုင်ကျေးရွာနဲ့ ဇီးပြောင်း ၃ ကျေးရွာဘက်ကို လက်နက်ကြီး ခုနှစ်လုံး ပစ်ခတ်ခဲ့ပါတယ်။
အာဏာသိမ်း စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေဟာ ဇီးပြောင်း ၃ ကျေးရွာအနီး သုံးလုံး၊ ကညအိုင်ကျေးရွာ ရော်ဘာခြံတွေထဲမှာ လေးလုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကညင်အိုင်ကျေးရွာရှိ ရော်ဘာခြံတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၃၀ အရွယ် ရော်ဘာခြံလုပ်သား တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ဒီလက်နက်ကြီး ပစ်ခတ်မှုဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိနိုင်တယ်ဆိုတဲ့ ယူဆချက်နဲ့ လက်နက်ကြီး ရမ်းသမ်းပစ်မှု ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် ဇီးပြောင်း ၁ ကျေးရွာအနီးရှိ ရွှေလုပ်ကွက်တစ်ခုကို အာဏာသိမ်း စစ်တပ်က လေကြောင်းကနေ ဗုံး နှစ်လုံး လာရောက်ကြချဲသွားပေမယ့် လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် ကြသောင်းဆိပ်ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲသွားတာကြောင့် စာသင်ကျောင်းနဲ့ နေအိမ် ၄၀ နီးပါး ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်ရဲ့ အုပ်ချုပ်နယ်မြေမှာ အခုလအတွင်း အာဏာသိမ်း စစ်တပ်က လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ပြန်လည်ပြုလုပ်လာပါတယ်။
သတင်း – သံလွင်တိုင်းမ်

