ကော့သောင်း၊ စက်တင်ဘာ ၂၄

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ စစ်မှုထမ်းအတွက် ပေါ်တာဆွဲခံရသူ လူငယ် နှစ်ဦးနဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား တစ်ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က မလိဝမ်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ ကော့သောင်းမြို့နေ အသက် ၂၁ နှစ်အရွယ် မောင်ကျော်မင်းဦးနဲ့ အသက် ၂၄ နှစ်အရွယ် မောင်ကျော်မင်းခန့်တို့ကို ကော့သောင်း ပကဖ အဖွဲ့က ကယ်ထုတ်နိုင်ခဲ့တာပါ။

ပေါ်တာဆွဲခံထားရတဲ့ အဲဒီလူငယ် နှစ်ဦးဟာ မလိဝမ်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး အချုပ်ခန်း ဖောက်ပြီး ထွက်ပြေးလာတာကြောင့် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သွားရောက်ကယ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလူငယ် နှစ်ဦးဟာ စက်တင်ဘာ ၁၃ ရက်နေ့က မလိဝမ်းကျေးရွာဘက်ကို အလုပ်ကိစ္စနဲ့သွားစဉ် အာဏာသိမ်း စစ်တပ်ရဲ့ ဖမ်းဆီးတာကိုခံရပြီး စစ်မှုထမ်းအတွက် မလိဝမ်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ချုပ်နှောင်ခံထားရပါတယ်။

အလားတူ စက်တင်ဘာ ၁၀ ရက်နေ့ကလည်း ကော့သောင်းအခြေစိုက် အမှတ် ၂၆၂ ခြေလျင်တပ်ရင်းကနေ ထွက်ပြေးလာတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား ဇော်ကိုကိုအား လမ်းပိုင်းတစ်နေရာမှာ ကော့သောင်း ပကဖ အဖွဲ့က သွားရောက်ခေါ်ထုတ်ခဲ့ပါတယ်။

စစ်မှုထမ်းတပ်သား ဇော်ကိုကိုဟာ မကွေးတိုင်း နတ်မောက်ဇာတိဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇွန်လလောက်မှာ စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးခံရပြီးနောက် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၀ တက်ရောက်ခဲ့ရပြီး ခလရ ၂၆၂ တပ်မှာ တာဝန်ကျနေသူ ဖြစ်ပါတယ်။

ကော့သောင်း ပကဖ အဖွဲ့ကတော့ အာဏာသိမ်း စစ်တပ်မှာ ရောက်ရှိနေတဲ့ စစ်သားတွေအနေနဲ့ ပြည်သူလူထုဘက်သို့ အမြန်ဆုံးဘက်ပြောင်းခိုလှုံကြဖို့နဲ့ ဘက်ပြောင်းခိုလှုံစဉ် လက်နက်ခဲယမ်းတွေ ယူဆောင်ရင် ထိုက်တန်စွာ ဆုချီးမြှင့်မယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ကော့သောင်းပကဖ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.