မော်လမြိုင် ၊ စက်တင်ဘာ ၂၄

မွန်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်ဖြစ်တဲ့ မော်တော်ကားနဲ့ ဆိုင်ကယ်တွေကို စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ လက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်လာတယ်လို့ ‌ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လိုင်စင်မဲ့ယာဉ်တွေကို စက်တင်ဘာ ၂၃ ရက်နေ့ကစလို့ စစ်အစိုးရ လက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေ ဖြစ်တဲ့ ယာဉ်ထိန်းရဲ၊ ထွေအုပ်၊ စစ်တပ်၊ ပြည်သူ့စစ်၊ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေးပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးမှုတွေ ပြုလုပ်လာတာပါ။

လိုင်စင်မဲ့ယာဉ်တွေကိုတော့ မြို့ဝင် မြို့ထွက်တွေ၊ ယာဉ်သွားလာမှု များတဲ့ နေရာတွေ၊ လမ်းဆုံ လမ်းခွတွေအပြင် မီးပွိုင့်လို နေရာတွေမှာ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေက အင်းအားအများအပြားနဲ့ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

မော်လမြိုင် ဒေသခံ တစ်ဦးကတော့ လိုင်စင်မဲ့ယာဉ်တွေကို စစ်အစိုးရက စီမံချက်နဲ့ မြို့အတွင်း နေရာ တော်တော်များများမှာ ဖမ်းဆီးတာတွေ ပြုလုပ်နေသလို သူတို့နဲ့ ပတ်သက်သူတွေကိုတော့ ယာဉ်တန်ဖိုးအလိုက် ငွေကြေး ယူကာ လွှတ်ပေးတာတွေ ရှိနေတယ်လို့ ပြောပါတယ်။

“ဖမ်းတာတော့ ဖမ်းနေပြီး။ ကျွဲခြံကုန်း အဝိုင်းတို့ ဈေးကြိုတို့ ဖာအောက်ဂိတ်တို့ မုတ္တမ တံတားတို့ လိုင်စင်မဲ့ယာဉ်ဆိုရင် မစဉ်စားနဲ့ အပြီးကောက် တင်သွားလိုက်တယ်။သူတို့နဲ့ နီးစပ်ရာ ပေါ့နော် ပတ်သက်ရာ ပတ်သက်ကြောင်း အဲလို စီးတယ် ဆိုရင်တော့ ညှိနှိုင်းပြီးတော့ သိန်း ၂၀တို့ သုံးစွဲတဲ့ ယာဉ်ပေါ်မှာ ယာဉ်တန်ဖိုး အလိုက် ညှိပြီးတော့ ယူတာတွေ ရှိတာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးတဲ့ နေရာမှာတော့ တချို့ ငွေကြေးပေးနိုင်တဲ့သူဆိုရင် လိုင်စင်မဲ့ယာဉ်တွေကိုသာ သိမ်းဆည်းတာ ရှိပေမယ့် တချို့ တွေကိုတော့ လူတွေကိုပါ ဖမ်းဆီး ထားတာ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

မုဒုံ ဒေသခံ တစ်ဦးကလည်း လိုင်စင်မဲ့ယာဉ်တွေကို စီမံချက်အရဆိုကာ အဖွဲ့စုံနဲ့ ပြန်ဖမ်းနေပြီး လိုင်စင်မဲ့ကား၊ ဆိုင်ကယ် အကုန်လုံးကို ဖမ်းဆီးနေတာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခု ပြန်ဖမ်းနေတာ၊ ဖမ်းတယ် ဆိုတာက ဒီနေ့လည်း ဖမ်းနေတာ ဆိုင်ကယ်တွေ၊ လိုင်စင်မဲ့ယာဉ် အကုန်လုံးပဲ။ ဆိုင်ကယ်ရော ကားရောပေါ့၊ အကုန်လုံး ဖမ်းတယ်၊ ပြန်ဖမ်းတယ်။အဖွဲ့စုံဆိုတော့ တပ်ကရယ် ပြီးလို့ရှိရင် ဝတ်စုံပြာရယ် ရဲရယ် ယာဉ်ထိန်းရယ် ထွေအုပ်ရယ် ပါတာပေါ့၊ အခုတောင်မှ အဖမ်းအဆီး ရှိနေတယ်တဲ့ လိုင်စင်မဲ့ ကားတွေ ဖမ်းနေတယ်၊ ဆိုင်ကယ် တွေပါ ပြန်ဖမ်းနေပြီးတဲ့”လို့ ဆိုပါတယ်။

ဒေသတွင်းမှာတော့ အခုလို စစ်အစိုးရ လက်အောက်ခံတွေက လိုင်စင်မဲ့ယာဉ် တွေကို စီမံချက်နဲ့ ဖမ်းဆီး နေတာကြောင့် တချို့ ရှောင်ပြီး မောင်းနှင် ရတာတွေ ရှိသလို တချို့တွေ အနေနဲ့ ပြန်လည် သိမ်းဆည်းထားရတာတွေ ရှိတယ်လို့ သိရပါတယ်။

တဖက်မှာတော့ အာဏာသိမ်း စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်မီ ကာလ ကလည်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ခေါင်းစဉ်နဲ့ လိုင်စင်မဲ့ယာဉ်တွေကို စီမံချက်တွေနဲ့ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးတဲ့ နေရာမှာတော့ လိုင်စင်မဲ့ မော်တော်ကား၊ ဆိုင်ကယ်တွေကို သိမ်းဆည်းတာ အပြင် ယာဉ်မောင်းနှင် သူတွေကိုပါ ပို့ကုန် သွင်းကုန် ဥပဒေ တွေနဲ့ အရေးယူတာ ရှိသလို တချို့ လူငယ် တွေကိုတော့ စစ်မှုထမ်း စုဆောင်းတာတွေ ရှိခဲ့တာပါ။

မွန်ပြည်နယ်မှာတော့ လိုင်စင်မဲ့ မော်တော်ကား၊ ဆိုင်ကယ်တွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံကတဆင့် ဝင်ရောက်လာတာ ဖြစ်ပြီး လိုင်စင်မဲ့ယာဉ်တွေကိုတော့ စစ်အစိုးရနဲ့ နီးစပ်သူတွေ စီးနင်းတာ ရှိသလို တချို့တွေကတော့ စစ်အစိုးရ လက်အောက်ခံတွေကို တရားမဝင် ငွေကြေး ပေးပြီး စီးနင်းတာ ရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.