နေပြည်တော် ၊ စက်တင်ဘာ ၂၄
အာဏာသိမ်းစစ်တပ်ရဲ့ တပ်တွင်း သတင်းလုံခြုံမှု ကျိုးပေါက်ခြင်းမရှိအောင် အထူးဂရုပြုဖို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ အရာရှိကြီးတွေနဲ့ တွေ့ဆုံခဲ့မှုတွေအတွင်း ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက နှစ်ကြိမ်ထက်မနည်း သတိပေးလာပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့က ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ တပ်မတော်အရာရှိကြီးတွေနဲ့ တွေ့ဆုံချိန်မှာ သတင်းလုံခြုံရေးကို တစ်ဦးချင်းစီက အထူးဂရုပြုဆောင်ရွက်ကြရမယ်လို့ သူက ဆိုပါတယ်။
သတင်းလုံခြုံမှုကျိုးပေါက်ခြင်းကြောင့် ထိခိုက်ဆုံးရှုံးမှုတွေများစွာ ဖြစ်ပေါ်နိုင်လို့ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ ဘယ်ကိစ္စရပ်မဆို အလေးအနက်ထား ထိန်းသိမ်းကြဖို့ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက သတိပေးတိုက်တွန်းထားတာပါ။
ဒါ့အပြင် မိမိတို့ တာဝန်ယူဆောင်ရွက်နေရတဲ့ လုပ်ငန်းတွေရဲ့ အကျိုးဆက်ကို သိရှိနားလည်ပြီး စနစ်တကျ သုံးသပ်ဆောင်ရွက်ကြဖို့ လိုအပ်သလို နိုင်ငံတော်နဲ့ တပ်မတော်အပေါ် မှန်ကန်တဲ့ ယုံကြည်မှုနဲ့ သစ္စာစောင့်သိနေဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကလည်း ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ အရာရှိတွေနဲ့ တွေ့ဆုံခဲ့မှုအတွင်း သတင်းအချက်အလက် လုံခြုံရေးနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက သတိပေးခဲ့ပါသေးတယ်။
မိမိရဲ့ ပေါ့ဆမှုကြောင့် သတင်းအချက်အလက် လုံခြုံရေးမကျိုးပေါက်ဖို့ ဂရုပြုထိန်းသိမ်းလို့ လိုအပ်ကြောင်းနဲ့ သတင်းလုံခြုံရေးကျိုးပေါက်မှု ဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်မှုတွေကြောင့် ထိရောက်ပြင်းထန်စွာ အရေးယူခဲ့တာတွေ ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဘယ်လိုမျိုး သတင်းလုံခြုံရေးကျိုးပေါက်ခဲ့လို့ ဘယ်သူတွေကို ဘယ်လို ဥပဒေပုဒ်မတွေနဲ့ အရေးယူခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြောခြင်း မရှိခဲ့သလို စစ်အစိုးရကလည်း တရားဝင် လူသိရှင်ကြား သတင်းထုတ်ပြန်တာတွေ မရှိခဲ့ပါဘူး။
CDM ဗိုလ်ကြီး ဇင်ယော် စစ်သတင်းပေါက်ကြားမှုတွေကြောင့် စစ်တပ်က စစ်ရှုံးခဲ့ရတယ်ဆိုတဲ့ ယူဆချက်တွေရှိခဲ့လို့ အခုလို သတင်းလုံခြုံရေးကို တင်းတင်းကျပ်ကျပ် လုပ်လာတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စစ်တပ်အတွင်း သတင်းအချက်အလက်တွေကို အဓိကတော့ ဆိုရှယ်မီဒီယာကနေ ပြန့်လာတာ များတယ်။ သတင်းပေးတယ်ဆိုတာထက် ရဲဝင်းဦးတို့ ကျော်စွာလင်းတို့လက်ထက်မှာ ဖရဲသီးသတင်းတွေ ရရှိမှု ခက်ခဲလာတယ်။ ပြီးရင် သူတို့ဘက်ကနေ ဖရဲသီးအယောင်ဆောင်ပြီးတော့ တန်ပြန်ပေါ့နော် သူတို့ ထည့်မပြောသွားတဲ့အထဲမှာ ဒီဖရဲသီး တပ်တွင်းသတင်းပေးတွေကနေ တန်ပြန်ဝါဒဖြန့်ဖို့ သတင်းမှားတွေ ပေးဖို့ အခြေအနေအထိ သူတို့တွေ ကွန်ရက်ဖွဲ့နေတာမျိုး ကျွန်တော်တို့ တွေ့ရပါတယ်။ ပြီးရင် သူတို့ နာရေးကြော်ငြာသတင်းစာတွေ မိသားစုဝင်တွေကို သူတို့ရဲ့ နာရေးဖြစ်စဉ်ကိုတောင်မှပဲ အချိန်အတိအကျနဲ့ အကြောင်းမကြားနိုင်တော့တာတွေကို တွေ့လာရတယ်”လို့ ဆိုပါတယ်။
ဒါကြောင့် စစ်တပ်ဘက်က သတင်းလုံခြုံရေးနဲ့ပတ်သက်ပြီး အထူးသတိထားသလို တပ်မိသားစုဝင်တွေ တပ်ထောက်ခံသူတွေနဲ့ တပ်လော်ဘီတွေကိုပါ ဆိုရှယ်မီဒီယာအသုံးပြုခွင့်တွေ ပိတ်ပင်တာတွေ လုပ်လာတော့မယ့် အနေအထားမျိုးလို့ သူက ထောက်ပြပါတယ်။
ဒုတပ်ချုပ်ကတော့ တပ်မတော်ရဲ့ ဦးနှောက်လို့ တင်စားရမယ့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ ရုံးဌာနတွေဟာ စစ်တပ်တစ်ရပ်လုံးရဲ့ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်လုပ်ငန်းတာဝန်တွေကို ဦးဆောင်မှုပြုလုပ်နေတာလို့ ထုတ်ပြောထားတာပါ။
တကျော့ပြန် အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအင်အားစုတွေရဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲတွေကို နိုင်ငံအနှံ့ ရင်ဆိုင်နေရတဲ့ စစ်တပ်က သတင်းလုံခြုံရေးနဲ့ပတ်သက်ပြီး တပ်ချုပ်ဟောင်း လက်ထက်မှာလည်း မကြာခဏ သတိပေးဖူးပါတယ်။
အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မလုပ်တဲ့ စစ်တပ်က အရာရှိနဲ့ တပ်ဖွဲ့ဝင်တချို့ဟာ စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက်တွေကို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေထံ ပေးပို့နေကြတဲ့ ဖရဲသီးလို့ ခေါ်တဲ့ တပ်တွင်းသတင်းပေးတွေလည်း ရှိနေတာပါ။
ဒီအတွက်ကြောင့် သေဒဏ်အထိ ချမှတ်မယ့် စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေကို စစ်ကောင်စီလက်ထက် ၂၀၂၅ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့မှာ အာဏာသိမ်း စစ်ခေါင်းဆောင်က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြဌာန်းထားတာ ဖြစ်ပါတယ်။
စစ်ဘက်ဆိုင်ရာ မဟာဗျူဟာတွေ နည်းဗျူဟာတွေ စစ်ဘက်လေ့ကျင့်ရေးဆိုင်ရာကိစ္စတွေ လက်နက်ခဲယမ်းတွေ စက်ယန္တရားတွေ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ သက်ဆိုင်တဲ့ နည်းပညာတွေနဲ့ နည်းစနစ်တွေကို စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေအဖြစ် ဥပဒေမှာ ထည့်သွင်းထားတာပါ။
ဒါ့အပြင် စစ်တပ်သုံးရေယာဉ်၊ လေယာဉ်၊ အခြားယာဉ်တွေအပါအဝင် ထုတ်လုပ်တပ်ဆင်မှုပညာရပ်တွေ သတင်းအချက်အလက်တွေ စစ်ဘက်ဆိုင်ရာ နည်းပညာတွေ လုပ်ထုံးလုပ်နည်းတွေနဲ့ လျှို့ဝှက်ချက်အဖြစ် ထုတ်ပြန်သတ်မှတ်ထားတဲ့ ကိစ္စရပ်တွေလည်း ပါဝင်ပါတယ်။
အဲဒီဥပဒေအရ အကျုံးဝင်သူတွေထဲမှာ ကာကွယ်ရေးဝန်ကြီးဌာနမှာ တပ်မတော်အက်ဥပဒေကို လိုက်နာရသူတွေ အချိန်ပိုင်းဖြစ်စေ အမြဲတမ်းဖြစ်စေ လုပ်ကိုင်နေသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေအပြင် ကာကွယ်ရေးဝန်ထမ်းဟောင်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

