အန်ကာရာ၊ ဝါရှင်တန်၊ စက်တင်ဘာ ၂၂
အမြဲတမ်း အဖွဲ့ဝင်တွေ ကိုင်စွဲထားတဲ့ ဗီတိုအာဏာ အသုံးပြုခွင့် ဖယ်ရှားပစ်တာ အပါအဝင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ကျယ်ကျယ်ပြန့်ပြန့် ပြုပြင် ပြောင်းလဲရေး တူရကီသမ္မတ ရီဆက် တေယက် အာဒိုဂန်က တိုက်တွန်းလိုက်ပါတယ်။
နိုင်ငံတကာ စနစ်ဟာ ဒီကနေခေတ် ကမ္ဘာလုံးဆိုင်ရာ လက်တွေ့ အခြေအနေတွေကို ပိုပြီး ကောင်းကောင်း ထင်ဟပ်စေရမှာ ဖြစ်တယ်လို့ သူက စောဒကတက်ပြီး အခုလိုမျိုး တိုက်တွန်းလာတာပါ။
“ပြောင်းလဲနေတဲ့ ကမ္ဘာမှာ ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှုအား ရှာဖွေခြင်း”ဆိုတဲ့ ခေါင်းစဉ်နဲ့ Bloomberg သတင်းဌာနက ဖော်ပြထားတဲ့ ဆောင်းပါး တစ်ပုဒ်မှာ ကမ္ဘာ့ကပ်ရောဂါတွေ၊ စွမ်းအင် အကြပ်အတည်း၊ ထောက်ပံ့ရေး ကွင်းဆက်တွေအနှောင့်အယှက် ဖြစ်မှု၊ ဒေသဆိုင်ရာ စစ်ပွဲတွေ အပါအဝင် လတ်တလော ဖြစ်ပေါ်နေတဲ့ ပြဿနာတွေက ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းရေး လက်တစ်ဆုပ်စာ နိုင်ငံတွေကိုပဲ ဆုံးဖြတ်ခိုင်းထားတာ ဖြစ်ကြောင်း ဖော်ပြနေတယ်လို့ အာဒိုဂန်က ပြောထားပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်တဲ့ ယန္တယားကို ယနေ့ခေတ် အခြေအနေတွေနဲ့အညီ နေသားကျအောင် လုပ်ဆောင်ရမှာ ဖြစ်ကြောင်းနဲ့ သူက ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ဒုတိယကမ္ဘာစစ် နောက်ပိုင်း စတင်ခဲ့တဲ့ ဖွဲ့စည်းပုံအတိုင်း ဆက်ရှိနေဆဲ ဖြစ်တယ်လို့ ပြောဆိုပါတယ်။
ပိုပြီး ထိရောက်တဲ့ မျှတတဲ့ ပိုပြီး တာဝန်ခံမှုရှိတဲ့ ကိုယ်စားပြု စနစ်တစ်ခု လိုအပ်နေပြီး ကမ္ဘာလုံးဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ နိုင်ငံတွေ ပိုမို ကျယ်ပြန့်စွာ ပါဝင်ဖို့ အာဒိုဂန်က တိုက်တွန်းပါတယ်။
နိုင်ငံ ၅ နိုင်ငံထက် ကမ္ဘာကြီးဟာ ပိုကြီးမားတယ်ဆိုတာကို နားလည်သင့်ပြီး တူရကီရဲ့ တိုက်တွန်းမှုက နိုင်ငံတကာစနစ်အတွင်း တာဝန် ခွဲဝေရယူမှု ပိုမို ကျယ်ပြန့်အောင် လုပ်ဆောင်ရေး ဖြစ်ကြောင်း သူက တိုက်တွန်းတောင်းဆိုနေတာပါ။
အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်နဲ့ ရုရှားစတဲ့ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံက ဗီတိုအာဏာကို သင့်တော်မှု မရှိတဲ့ ပုံစံမျိုး အသုံးချနေတယ်လို့ ပြောဆိုမှုတွေ ထွက်ပေါ်နေတာ နှစ်များစွာ ကြာပြီ ဖြစ်ပါတယ်။
အဲဒီလိုအပ်ချက်ကို ခိုင်မာတဲ့ လမ်းပြမြေပုံ တစ်ခု အဖြစ် ပြောင်းလဲဖို့ မဖြစ်မနေ လိုအပ်ကြောင်းနဲ့ အဲဒီလမ်းပြမြေပုံရ ဗဟိုချက်မှာ ဗီတိ အာဏာသုံးခွင့်ကို ပယ်ဖျက်ရေး အစီအစဉ် ရှိနေကြောင်း အာဒိုဂန်က ပြောပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်း အများစုရဲ့ ဆန္ဒကို ဘယ် အမြဲတမ်း အဖွဲ့ဝင် နိုင်ငံကမှ ဗီတို အာဏာ သုံးပြီး မတားဆီးသင့်ဘူးလို့လည်း တူရကီသမ္မတက ပြောဆိုထားတာ ဖြစ်ပါတယ်။
Ref:Bernama

