ဝါရှင်တန်၊ စက်တင်ဘာ ၂၂
CNN ၊ MS NOWနဲ့ Politico သတင်းဌာနသုံးခုကို အိမ်ဖြူတော်ကနေ သတင်းယူခွင့် တားမြစ်ခဲ့ပြီးနောက် ထရန့် အစိုးရကို တရားစွဲမယ်လို့ အဲဒီ သတင်းဌာန သုံးခုက ပြောပါတယ်။
အဲဒီ သတင်းဌာနတွေဟာ မိမိရဲ့အဖွဲ့နဲ့ ပတ်သက်လို့ စိတ်ကူးယဉ်ပြီးတော့ ဒါမှမဟုတ် လိမ်လည်ပြီးတော့ ရေးသားဖော်ပြနေတယ်လို့ သမ္မတ ဒေါ်နယ် ထရန့်က စွပ်စွဲပြီး စက်တင်ဘာ ၁၈ ရက်မှာ တားမြစ်ကြောင်း ကြေညာခဲ့တာပါ။
မိမိတို့ရဲ့ သတင်းထောက်တွေဟာ စက်တင်ဘာ ၁၉ ရက်က အိမ်ဖြူတော် အဆောက်အဦထဲ ဝင်ရောက်ခွင့် ငြင်းပယ်ခံခဲ့ရတယ်လို့ အဲဒီ မီဒီယာဌာန သုံးခုက ပြောပါတယ်။
စက်တင်ဘာ ၂၁ ရက်က ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက် တစ်ရပ်မှာ သူတို့က သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေကို အစိုးရက ဆုံးဖြတ်တာ မဟုတ်ဘူးဆိုတဲ့ မူကို ကာကွယ်ရေး တရားစွဲဆိုသွားမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
တရားစွဲဆိုတယ်ဆိုတဲ့ သတင်းကို တုံ့ပြန်ရာမှာ ထရန့်က အဲဒီ သတင်းဌာနတွေဟာ တတိယအဆင့် လူပျက်တွေ ဖြစ်ပြီး သူ့ရဲ့ အောင်မြင်မှုတွေကို သေးနုပ်အောင်၊ အရိုအသေမဲ့ ဖော်ပြနေတဲ့ လူလိမ် အကျင့်ပျက် ခြစားတဲ့ မီဒီယာတွေ ဖြစ်တယ်လို့ ပြောပါတယ်။
အနုတ်သဘောပဲ ရေးသားနေကြတဲ့ သတင်းတု ဖော်ပြသူတွေနဲ့ ထုတ်ဝေဖော်ပြသူတွေနဲ့ အမည်မသိ သတင်းရင်းမြစ်တွေနဲ့ မှားယွင်းပြီး အသရေဖျက်တဲ့ ဇာတ်လမ်းတွေ ရေးသားပြီးတော့ မိမိတို့ရဲ့ အမျိုးသားလုံခြုံရေးကို ချိုးဖောက်နေသူတွေကို ကမ္ဘာကြီးရဲ့ ဘယ်နေရာက အရေးအကြီးဆုံး ရုံးသို့ ဝင်ခွင့် မပေးသင့် ဘူးလို့ ထရန့်က သူ့ရဲ့ Truth Social လူမှုမီဒီယာ အကောင့်မှာ ရေးသား ဖော်ပြထား ပါတယ်။
ပထမအကြိမ် ဖွဲ့စည်းပုံ ပြင်ဆင်မှုက မီဒီယာတွေ ဖော်ပြမှုရဲ့ လွတ်လပ်ခွင့်ကို အစိုးရက မကန့်သတ် မချုပ်ခြယ်ဖို့ တားမြစ်ထားပါတယ်။
မီဒီယာတွေရဲ့ ဖော်ပြချက်တွေအပေါ် အခြေခံပြီး မီဒီယာတွေကို အစိုးရက ခွဲခြား ဆက်ဆံမှုကိုလည်း အဲဒီ ဥပဒေက တားမြစ်ထားပြီး အစဉ်အလာအရ တရားရုံးတွေက ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
သတင်းယူခွင့် တားမြစ်ခံရတဲ့ မီဒီယာ အဖွဲ့အစည်းတွေက အမေရိကန် ဝါရှင်တန်ဒေသဆိုင်ရာ တရားရုံးမှာ စက်တင်ဘာ ၂၁ ရက်က တရားစွဲဆိုခဲ့ကြပြီး ထရန့်ရဲ့ တားမြစ်မှု ဖွဲ့စည်းပုံနဲ့ မညီကြောင်း အလျင်အမြန် ဆုံးဖြတ်ပေးဖို့နဲ့ ထရန့်ရဲ့ အရာရှိတွေက တားမြစ်မှုကို အကောင်အထည်မဖော်နိုင်ရေး တားဆီးပေးဖို့လည်း တရားသူကြီးကို တောင်းဆိုခဲ့ကြ ပါတယ်။
စက်တင်ဘာ ၂၁ ရက် မနက်ပိုင်းက အဓိက အမေရိကန် ရုပ်သံ ကွန်ရက်တွေက အိမ်ဖြူတော် တာဝန်တွေကို ရပ်ဆိုင်းခဲ့ကြပြီး မီဒီယာ အဖွဲ့အစည်းတွေက အမေရိကန် ပြည်သူတွေအတွက် သမ္မတရုံးဆိုင်ရာ အခမ်းအနားတွေကို ဖော်ပြရာမှာ ကုန်ကျစရိတ် သက်သာစေရေး ရိုက်ကူး ဖော်ပြချက်တွေကို အချင်းချင်း ဝေမျှ အသုံးပြုခဲ့ကြပါတယ်။
အိမ်ဖြူတော် သတင်းတွေကို တိုက်ရိုက် ရိုက်ကူး တင်ဆက်ဖို့ ခွင့်ပြုချက်ရထားတဲ့ သတင်းဌာန ၅ ခုတည်း ရှိတဲ့ အထဲက တစ်ခု ဖြစ်တဲ့ CNN ဟာ စက်တင်ဘာ ၂၁ ရက်နဲ့ ၂၂ ရက်မှာ နယူးယောက်သို့ ထရန့်ရဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ခရီးစဉ်ကို ရိုက်ကူးဖော်ပြဖို့ မူလက စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။
ရုပ်သံ ကွန်ရက်တွေ ဖြစ်တဲ့ ABC ၊ CBS ၊ CNN ၊ Fox News နဲ့ NBC သတင်းဌာနတို့က ပူးတွဲ ကြေညာချက် တစ်ရပ် ထုတ်ပြန်ပြီး အမေရိကန် အစိုးရနဲ့ ပတ်သက်လို့ တိကျတဲ့ အမှီအခိုကင်းတဲ့ သတင်းအချက်အလက်တွေကို ပြည်သူလူထု လက်ခံရရှိရေး အရေးကြီးတယ်လို့ ဖော်ပြထားပါတယ်။
Ref:BBC

