နယူးယောက်၊ စက်တင်ဘာ ၂၂
စက်တင်ဘာ ၂၁ ရက်က ကုလသမဂ္ဂ အထွေထွေ ညီလာခံ ပြင်ပမှာ သုံးပွင့်ဆိုင် တွေ့ဆုံမှုအတွင်း အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား ထိပ်တန်း သံတမန်တွေက ထိုင်ဝမ်ကို ထောက်ခံကြောင်း ဖော်ပြခဲ့ကြပါတယ်။
ဝါရှင်တန်မှာ အမေရိကန်နဲ့ တရုတ် ခေါင်းဆောင်တို့ မတွေ့ဆုံခင် ရက်ပိုင်း အလိုမှာ အဲဒီ သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက အခုလိုမျိုး ကြေညာခဲ့ကြတာ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို၊ ဂျပန် နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုတီဂီနဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဟွန်တို့ သုံးပွင့်ဆိုင် ဆွေးနွေးမှုအပြီး ထုတ်ပြန်တဲ့ ပူးတွဲ ကြေညာချက်မှာ ထိုင်ဝမ် ရေလက်ကြား တဝှမ်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းရေး အရေးကြီးကြောင်း အလေးထား ဖော်ပြပါတယ်။
အဲဒီ ကြေညာချက်မှာ တရုတ် အမည်ကို ဖော်ပြထားတာ မရှိပေမယ့် ရေလက်ကြား ဖြတ်ကျော်ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး အဲဒီ ထိပ်တန်း သံတမန် သုံးဦးက တိုက်တွန်းထားပါတယ်။
လက်ရှိ အခြေအနေကို တဖက်သတ် ပြောင်းလဲဖို့ ကြိုးပမ်းမှု မှန်သမျှကိုလည်း ဆန့်ကျင်ကြောင်း သူတို့က ဖော်ပြထားပြီး သင့်တော်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ ထိုင်ဝမ်ရဲ့ အဓိပ္ပါယ် ပြည့်ဝစွာ ပါဝင်မှုကိုလည်း ထောက်ခံတယ်လို့ ဆိုပါတယ်။
တရုတ်က ထိုင်ဝမ်ဟာ သူတို့ ပိုင်ဆိုင်တဲ့ ဒေသ ဖြစ်တယ်လို့ ပြောထားပြီး သူတို့ ထိန်းချုပ်မှုအောက် ထားရှိရေး လိုအပ်ရင် စစ်အင်အားသုံးမယ်လို့ ကြွေးကြော်ထားပါတယ်။
ဒီမိုကရေစီ နည်းနဲ့ ကိုယ်ပိုင် အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို ဖိအားပေးဖို့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ တရုတ်က ပုံမှန်ဆိုသလို စစ်သင်္ဘောတွေ တိုက်လေယာဉ်တွေ စေလွှတ်လေ့ရှိပါတယ်။
ဂျပန် ဝန်ကြီးချုပ် ဆာနေး တာကာအိချီက နယူးယောက်မှာ ထရန့်နဲ့ စက်တင်ဘာ ၂၂ ရက် တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
သူတို့နှစ်ဦးကြား တရုတ်-ဂျပန် ဆက်ဆံရေး အခြေအနေနဲ့ ထိုင်ဝမ် အရေးကို အဓိက ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။
ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်ရင် ဂျပန်နိုင်ငံလည်း ဝင်ပါရနိုင်တယ်လို့ တာကာအိချီက ပြီးခဲ့တဲ့ နိုဝင်ဘာက ပြောကြားခဲ့ပြီးနောက် တရုတ်-ဂျပန် ဆက်ဆံရေး အဆင်မပြေ ဖြစ်နေဆဲ ဖြစ်ပါတယ်။
ဂျပန်က စစ်လိုလားတဲ့ ဝါဒ ပြန်လည် ကျင့်သုံးနေတယ်လို့ ဘေဂျင်းက စွပ်စွဲပြီး ဂျပန် လုပ်ငန်းတွေအပေါ် ကုန်တင်ပို့မှု ထိန်းချုပ်ခဲ့ပါတယ်။
အမေရိကန်နဲ့ သူ့ရဲ့ အဓိက အရှေ့အာရှ မဟာမိတ် နှစ်နိုင်ငံရဲ့ ပူးတွဲ ကြေညာချက်ကြောင့် ဘေဂျင်းကို အံ့သြသွားစေခဲ့ပြီး အထူးသဖြင့် သမ္မတ ရှီရဲ့ အခု သီတင်းပတ် နှောင်းပိုင်း ဝါရှင်တန် ခရီးစဉ် မတိုင်ခင် ရက်ပိုင်းအလိုမှာ ထွက်ပေါ်လာတာကြောင့် ဖြစ်ပါတယ်။
အဲဒီ သုံးနိုင်ငံက မြောက်ကိုရီးယား နျူကလီးယား လက်နက် ကင်းစင်အောင် လုပ်ဆောင်ဖို့ ကတိပြုထားကြောင်းလည်း ထပ်ပြီး အတည်ပြုခဲ့ပါတယ်။
Ref:JapanTimes

