ယခုနှစ်အတွင်း မလေးရှားက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၅၇၀၀၀ ကျော် ဖမ်းဆီးထား

ကွာလာလမ်ပူ၊ စက်တင်ဘာ ၂၁

မလေးရှားနိုင်ငံမှာ အခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ စက်တင်ဘာ ၁၇ ရက်အထိ စစ်ဆင်ရေး ၉၇၀၀ ပြုလုပ်ခဲ့ပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၅၇၀၀၀ကျော်ကို ဖမ်းဆီးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေး (JIM) လက်ထောက် ညွှန်ကြားရေးမှူးချုပ် အီဖန်ဒီ ရမ်လီက ပြောလိုက်ပါတယ်။

အမျိုးမျိုးသော ဥပဒေချိုးဖောက်မှုတွေအတွက် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ၉ လကျော်ကာလအတွင်း ၁၉၅၉/၆၃ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ အမျိုးမျိုးသော ဥပဒေချိုးဖောက်မှုတွေ အတွက် အလုပ်ရှင် ၁၇၂၀ ဦးကိုလည်း ဥပဒေအရ အရေးယူခဲ့တယ်လို့ သူက ပြောပါတယ်။

လူဝင်မှု ကြီးကြပ်ရေးဌာနက စစ်ဆင်ရေးတွေ တစ်လှိုင်းပြီး တစ်လှိုင်း တိုးမြှင့် လုပ်ဆောင်နေပြီး နှစ်နာရီ ကြာတိုင်း စစ်ဆင်ရေး သုံးခု ပြုလုပ်နေတယ်လို့ မလေးရှား အရာရှိတွေက ဆိုပါတယ်။

ဥပဒေအရ အရေးယူမှုတွေဟာ နိုင်ငံခြားသားတွေလောက်ကိုပဲ ပြုလုပ်မှာ မဟုတ်ဘဲ ဥပဒေချိုးဖောက်တဲ့ အလုပ်ရှင်တွေကိုလည်း အရေးယူသွားမယ်ဆိုတာ လူတိုင်းကို မိမိအနေနဲ့ အသိပေးလိုတယ်လို့ ရမ်လီက ပြောပါတယ်။

တရားမဝင် နိုင်ငံခြားသားတွေ ရှိနေကြောင်း သတင်းရထားသူ ဒါမှမဟုတ် သတိပြုမိသူတွေ အနေနဲ့ မိမိတို့ထံ တရားဝင် အကြောင်းကြားကြဖို့လည်း တိုက်တွန်းထားပါတယ်။

အဲဒီလို သတင်းမျိုး ရရှိထားသူတွေအနေနဲ့ ကိုယ်တိုင် အရေးယူမှုမျိုး မလုပ်ဆောင်ကြဘဲ အရာရှိတွေ သူတို့ရဲ့ တာဝန်အတိုင်း ဆောင်ရွက်နိုင်အောင် သတင်း အပြည့်အစုံ ပေးကြဖို့လည်း အကြံပြုထားပါတယ်။

စက်တင်ဘာ ၂၁ ရက်မှာပဲ ထရန် ဂါနု အရပ်ဖက် ကာကွယ်ရေးအဖွဲ့၊ အမျိုးသား လုံခြုံရေး ကောင်စီတို့ ပူးပေါင်း ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း နိုင်ငံခြားသား ၁၃၃ ဦးကို စစ်ဆေးခဲ့ပြီး တရားမဝင် ရွှေ့ပြောင်း နေထိုင်သူ ၁၉ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ ဘင်္ဂလားဒေ့ချ် နိုင်ငံသား ၁ ဦး၊ မြန်မာနိုင်ငံသား ၁၄ ဦးနဲ့ အင်ဒိုနီးရှားနိုင်ငံသား ၄ ဦး ပါဝင်ပြီး အသက် ၁ လနဲ့ ၅၀ ကြားအရွယ်တွေ ဖြစ်ကြပါတယ်။

အမျိုးသမီး တစ်ဦးနဲ့ လသားအရွယ် ကလေး တစ်ဦး အပါအဝင် မြန်မာ အမျိုးသမီး ၇ ဦးဟာ သူတို့ရဲ့ အမျိုးသားတွေနဲ့ အတူ မလေးရှားသို့ တရားမဝင် အေးဂျင့်တွေကတဆင့် ဝင်ရောက်လာခဲ့တာ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိထားတယ်လို့လည်း သူက ပြောပါတယ်။

မလေးရှားက ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံဆီ ပြန်လည် ပို့ဆောင်ဖို့ စီစဉ်နေပြီး လူ့အခွင့်အရေးအဖွဲ့ တွေက ပြန်ပို့မယ့် အစီအစဉ်ကို ရပ်တန့်ပေးဖို့ တောင်းဆိုထားပါတယ်။

Ref:Bernama

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.