ဆိုးလ်၊ စက်တင်ဘာ ၂၁
တခြား နိုင်ငံတွေနဲ့ မြောက်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုကို ရန်လိုတဲ့ အင်အားစုတွေက တားဆီးဖို့ ကြိုးပမ်းနေပြီး မိမိတို့အနေနဲ့ သည်းခံနေမှာ မဟုတ်ကြောင်း မြောက်ကိုရီးယားက ပြောလိုက်ပါတယ်။
ဘယ် ဒဏ်ခတ် ပိတ်ဆို့မှု အသစ်တွေကမှ မြောက်ကိုရီးယားရဲ့ ဖွံ့ဖြိုးမှုနဲ့ မိမိတို့ရဲ့ ပင်မ အကျိုးစီးပွားတွေအပေါ် ကာကွယ်မှုကို တားဆီးနိုင်မှာ မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကို ကိုးကားပြီး မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းမှာ ဖော်ပြပါတယ်။
ကုလသမဂ္ဂ အဖွဲ့ဝင် ၁၁ နိုင်ငံ ပါဝင်တဲ့ နိုင်ငံစုံ ဒဏ်ခတ် ပိတ်ဆို့မှုတွေ စောင့်ကြည့်ရေးအဖွဲ့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ တရားမဝင်ဘူးလို့ KCNA သတင်းဌာနက ဆိုပါတယ်။
မြောက်ကိုရီးယားဟာ ပုံမှန် အခြေအနေ ဖြစ်နေပြီး မြောက်ကိုရီးယားနဲ့ တခြား နိုင်ငံတွေကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် နှစ်ဖက် အကျိုးရှိ စေသယောင် ပုံဖော်ဖို့ ရည်ရွယ်ထားတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
မြောက်ကိုရီးယားဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ပြီး ပြည်ပသို့ အလုပ်သမားတွေ ဆက်လက် စေလွှတ်နေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေက ဖော်ပြပါတယ်။
ပြည်ပသို့ အလုပ်သမားတွေ စေလွှတ်မှုကနေ မြောက်ကိုရီးယားဟာ ၂၀၂၅ ခုနှစ်အတွင်း ဒေါ်လာ သန်း ၄၅၀ကနေ သန်း ၈၀၀ အထိ ရရှိခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။
အဲဒီ ငွေတွေနဲ့ မြောက်ကိုရီးယားက သူတို့ရဲ့ နျူကလီးယား လက်နက်တွေနဲ့ ပဲ့ထိန်းဒုံးကျည် စီမံကိန်းကို ရန်ပုံငွေ ထောက်ပံ့ ပေးနေတယ်လို့ သိရပါတယ်။
အဓိကအားဖြင့် တရုတ်နဲ့ ရုရှားတို့အပါအဝင် အနည်းဆုံး နိုင်ငံ ၁၇ နိုင်ငံမှာ မြောက်ကိုရီးယား အလုပ်သမား ၃၅၆၀၀ ကနေ ၁၀၁၂၈၀ ဦးအထိ ရှိနေဆဲ ဖြစ်ကြောင်း ခန့်မှန်းမှုတွေရှိနေပါတယ်။
မြောက်ကိုရီးယား အလုပ်သမားတွေကို ပြန်ပို့ပြီး အလုပ်ပါမစ် အသစ်တွေ ထုတ်မပေးဘဲ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေကို ချက်ချင်း စည်းကြပ်ဖို့ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။
စုံစမ်းစစ်ဆေးရေး အဖွဲ့ထဲမှာ သြစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန် ၊ နယ်သာလန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတို့ ပါဝင်ပါတယ်။
Ref:Reuters

