မုဒုံ၊ စက်တင်ဘာ ၂၂
မွန်ပြည်နယ် မုဒုံမြို့ရှိ မြို့မ(၁) ရပ်ကွက် မီတာ ၄၀၀ ဘောလုံးကွင်းမှာ မိုးကြိုးအပစ်ခံရတာကြောင့် ဘောလုံးကစားသမား တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီကနေ့ စက်တင်ဘာ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်လောက်မှာ Lion City FC အသင်းနဲ့ တောင်ပေါ်သား FC အသင်းတို့ အလွတ်တန်းဖိတ်ခေါ်ပြိုင်ပွဲ ဆီးမီဖိုင်နယ်ပွဲစဉ် ကစားနေချိန် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မိုးကြိုးပစ်မှု ဖြစ်ပွားခဲ့တာပါ။
မိုးကြိုးပစ်မှုကြောင့် မော်လမြိုင် Lion City ကလပ်အသင်းက ကျောနံပတ် ၉ ဝတ်ဆင်သူ အသက် ၂၉ နှစ်အရွယ် သန်းတိုးအောင် (ခေါ်) ဆာဆာဟာ မိုးကြိုးထိမှန် သေဆုံးခဲ့ပါတယ်။
“မိုးကြိုးပစ်ပြီးတာနဲ့ ကစားသမား ခြောက်ယောက် လဲကျသွားတယ်။ Lion City အသင်းက ကျောနံပါတ် ၉ ကတော့ မိုးကြိုးတည့်တည့် ထိသွားတာ။ အရေးပေါ်ချက်ချင်း ကုသပေမယ့် မမီလိုက်ဘူး။ကျန်ကစားသမားတွေကတော့ ဘာမှမဖြစ်သွားဘူး”လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
မိုးကြိုးပစ်မှု ဖြစ်ပွားပြီးနောက် Lion City ကလပ်အသင်းက ကျောနံပတ် ၉ ဝတ်ဆင်သူ သန်းတိုးအောင်ကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက အရေးပေါ်ကုသမှု ချက်ချင်းလုပ်ဆောင်ပြီးနောက် မုဒုံမြို့မဆေးရုံသို့ ပို့ဆောင်ခဲ့ပေမယ့် အသက်သေဆုံးသွားတာ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ Lion City အသင်းက ဘေားလုံးသမား သန်းတိုးအောင်ဟာ မော်လမြိုင်မြို့ စံပြအေးရပ်ကွက်မှာ နေထိုင်သူ ဖြစ်ပြီး သူသေဆုံးမှုအပေါ် ဘောလုံးကစားသမား အသိုင်းအဝိုင်းကြားမှာ မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်း စာတွေ ရေးသားပို့ပေးနေကြပါတယ်။
သတင်း – သံလွင်တိုင်းမ်

