ဘမ်မာကို၊ မေ ၅
အမှတ်မထင် တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးသွားပြီးနောက် မာလီ စစ်ခေါင်းဆောင် ဗိုလ်ချုပ် အက်ဆီမီ ဂိုအီတာက သူ့ကိုယ်သူ ကာကွယ်ရေးဝန်ကြီး အဖြစ် ခန့်အပ်လိုက်ပါတယ်။
အနောက်အာဖရိကရှိ မာလီနိုင်ငံမှာ ဂျီဟတ် ဝါဒီတွေနဲ့ ခွဲထွက်ရေး လက်နက်ကိုင်တွေက နိုင်ငံတဝှမ်း စီးနင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် သီတင်း တစ်ပတ်ကျော်ကြာတဲ့အထိ လုံခြုံရေး ပြဿနာနဲ့ ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။
ထိုးစစ်ဆင်မှုအတွင်း ကာကွယ်ရေးဝန်ကြီး ဆာဒီယို ကာမာရာဟာ မြို့တော် ဘမ်မာကို အနီး သူ့ရဲ့ နေအိမ်ကို ကားနဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။
မေ ၄ ရက်က နိုင်ငံပိုင်ရုပ်သံက ဖော်ပြတဲ့ အမိန့်ကြေညာချက် တစ်ရပ်မှာ စစ်ခေါင်းဆောင် ဂိုအီတာက ကာကွယ်ရေးဝန်ကြီး အဖြစ် ကာမာရာရဲ့ နေရာကို အစားထိုး ဝင်ရောက်မှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
သူ့ကို ဝန်ကြီးဌာန ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံထားရတဲ့ ဗိုလ်ချုပ် အူမာ ဒိုင်အာရာက လက်ထောက်အနေနဲ့ ကူညီပေးမှာ ဖြစ်ကြောင်း သိရပါတယ်။
မာလီမှာ လက်နက်ကိုင်တွေ ထိုးစစ်ဆင်နေချိန် ရုရှား လက်နက်ကိုင်တွေက လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း ရုပ်သံဖိုင်တွေမှာ မြင်တွေ့ရပါတယ်။
အစ္စလာမ်မစ်အဖွဲ့က မာလီရဲ့ မြို့တော် ထိန်းချုပ်ထားမှုကို ပိုမို တင်းကြပ်လိုက်ချိန်မှာ ဂိုအီတာက သမ္မတ ရာထူးရော ကာကွယ်ရေး ဝန်ကြီးရာထူးပါ တပြိုက်နက်တည်း ရယူမှုဟာ သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာ ခြိမ်းခြောက် ခံရလာရချိန်မှာ အာဏာ ခိုင်မြဲအောင် ကြိုးပမ်းတာ ဖြစ်ပါတယ်။
ဧပြီ ၂၅ ရက်က မာလီ နိုင်ငံတဝှမ်း မြို့တွေမှာ သေနတ်သံတွေ ပေါက်ကွဲသံတွေ ဆူညံခဲ့ပြီး အုပ်စုနှစ်ခု ပါဝင်တဲ့ မဟာမိတ် အဖွဲ့က ပူးပေါင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အဇာဝတ် လွတ်မြောက်ရေး တပ်ဦး အဖွဲ့နဲ့ အယ်လ်ကိုင်ဒါ အဖွဲ့နဲ့ ဆက်နွယ်တဲ့ ဂျေနင် အဖွဲ့တို့က နိုင်ငံတဝှမ်း ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီလို တိုက်ခိုက်ပြီး နောက်ပိုင်း လက်နက်ကိုင်တွေက ဘမ်မာကိုမြို့နဲ့ တခြားမြို့တွေကို တစ်စိတ် တစ်ပိုင်း ပိတ်ဆို့ထားပါတယ်။
မြောက်ပိုင်းမြို့ ကီဒဲလ်ကနေ မာလီ စစ်တပ်နဲ့ ရုရှား တပ်ဖွဲ့တွေ ဆုတ်ခွာခဲ့ရတဲ့ ထိုးစစ် အရှိန်ကြောင့် ၂၀၂၀ သြဂုတ်လက အာဏာရလာခဲ့တဲ့ ဂိုအီတာရဲ့ စစ်အစိုးရ အင်အားနဲ့ ပတ်သက်လို့ သံသယတွေ ပိုများလာစေပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က ထိုးစစ်ဆင်မှုနဲ့ ဆက်စပ်တဲ့ စစ်သား အုပ်စု တစ်စုကို ဖမ်းဆီးထားတယ်လို့ မာလီ အာဏာပိုင်တွေက ပြောပါတယ်။
ဘမ်မာကို စစ်ဖက်ဆိုင်ရာ တရားရုံးရဲ့ အစိုးရ ရှေ့နေရဲ့ ပြောဆိုချက်အရ တိုက်ခိုက်မှုတွေပါဝင်တဲ့ စစ်တပ်အရာရှိဟောင်းတွေနဲ့ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ အရာရှိတွေကို စုံစမ်း စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဂျီဟတ် ဝါဒီတွေနဲ့ ခွဲထွက်ရေးသမားတွေကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ရေး အိမ်နီးချင်း နိုင်ဂျာ၊ ဘာကီနာဖာဆို နိုင်ငံတို့ရဲ့ စစ်တပ်တွေနဲ့ ပူးပေါင်းထားတယ်လို့လည်း မာလီ အရာရှိတွေက ပြောပါတယ်။
ကြေညာချက်တစ်ရပ်မှာ နိုင်ဂျာ အာဏာပိုင်တွေက ဂျီဟတ် ဝါဒီတွေနဲ့ ခွဲထွက်ရေးသမားတွေ စတင် ထိုးစစ်ဆင်ပြီး နာရီပိုင်း အကြာမှာ ပူးတွဲ စစ်ဆင်ရေး ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။
အားလုံး စစ်တပ်က အုပ်ချုပ်နေတဲ့ အဲဒီ သုံးနိုင်ငံစလုံးဟာ ဆာဟဲလ် နိုင်ငံများ မဟာမိတ် အဖွဲ့ ဖွဲ့စည်းထားပြီး သူတို့ကို အရင်က ကိုလိုနီပြုခဲ့တဲ့ ပြင်သစ်နိုင်ငံက တပ်ဖွဲ့ဝင်တွေကို နှင်ထုတ်ထား ပါတယ်။
Ref:BBC

