‎ဝါရှင်တန်၊ မေ ၅

‎အီရန် ပိတ်ဆို့ထားတဲ့ ဟောမု့ဇ် ရေလက်ကြားအနီး ပိတ်မိနေတဲ့ သင်္ဘောတွေကို ဝါရှင်တန်က ဦးဆောင် ခေါ်ထုတ်ဖို့ ကြိုးပမ်းနေချိန် ရေလက်ကြားရှိ အီရန် အမြန် ရေယာဉ် ၇ စီးကို အမေရိကန်က တိုက်ခိုက်ခဲ့တယ်လို့ သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။

‎အဲဒီ အရေးပါတဲ့ ရေလမ်းကြောင်းမှာ သင်္ဘောတွေ တိုက်ခိုက်ခံရတယ်လို့ ယူအေအီးနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံစလုံးက မေ ၄ ရက်က ပြောထားပါတယ်။

‎အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် ဖူဂျိုင်ရာ ရေနံ ဆိပ်ကမ်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့လည်း ယူအေအီးက ပြောပါတယ်။

‎သင်္ဘော ကုမ္ပဏီ Maersk က အမေရိကန် စစ်တပ်ရဲ့ ကူညီစောင့်ရှောက်ပေးမှုနဲ့ အဲဒီရေလက်ကြားကနေ အောင်မြင်စွာ ဖြတ်သန်း နိုင်ခဲ့တယ်လို့ ပြောပါတယ်။

‎အဲဒီ အစီအစဉ်ကို လွတ်မြောက်ရေး စီမံကိန်းလို့ နာမည်ပေးထားကြောင်း ဒေါ်နယ် ထရန့်က ပြောပါတယ်။

‎ရေလက်ကြားမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေက နိုင်ငံရေး ပြဿနာကို စစ်ရေးအရ ဖြေရှင်းလို့ မရဘူးဆိုတာ ဖော်ပြနေတယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက ဆိုပါတယ်။

‎ဒေါ်နယ် ထရန့် ပြောတဲ့ လွတ်မြောက်ရေး စီမံကိန်းဆိုတာက လှုပ်မရတဲ့ စီမံကိန်းပဲ ဖြစ်လိမ့်မယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။

‎Maersk ကုမ္ပဏီက သူတို့ရဲ့ ကုန်တင်သင်္ဘော တစ်စီး လုံးဝ အထိအခိုက်မရှိဘဲ အဲဒီ လမ်းကြောင်းက ဖြတ်သန်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။

‎သင်္ဘောပေါ်မှာ လိုက်ပါလာသူ အားလုံး ဘေးမသီ ရန်မခ ဖြတ်သန်းနိုင်ခဲ့တယ်လို့လည်း ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

‎ဖေဖော်ဝါရီ လကုန်ပိုင်းက အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့က စတင် တိုက်ခိုက်ပြီး နောက်ပိုင်း ဟောမု့ဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားတာကြောင့် ကမ္ဘာ့နိုင်ငံ အများမှာ လောင်စာ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။

‎သာမန် ကာလတွေမှာ ကမ္ဘာကြီးအတွက် လိုအပ်တဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ အရည် ၂၀ ရာခိုင်နှုန်း ဖြတ်သန်းနေတဲ့ အဆိုပါ ရေလမ်းကြောင်းကို အီရန်က ပိတ်ဆို့ထားတဲ့ အပြင် ဖြတ်သန်းဖို့ ကြိုးပမ်းတဲ့ သင်္ဘောတွေကိုလည်း တိုက်ခိုက်နေပါတယ်။

‎ဧပြီလ စောစောပိုင်းက ယူအေအီး အပါအဝင် ပင်လယ်ကွေ့ နိုင်ငံတွေကို အီရန်က တိုက်ခိုက်မှု ရပ်တန့်လိုက်ပြီး အမေရိကန်နဲ့ အီရန် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပါတယ်။

‎ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာလည်း ဟောမု့ဒ် ရေလမ်းကြောင်းက ဖြတ်သန်းလို့ရတဲ့ သင်္ဘော အနည်းငယ်သာ ရှိခဲ့ပါတယ်။

‎အမေရိကန် ရေတပ်ကလည်း အီရန် ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတာကြောင့် တင်းမာမှုတွေ ဆက်လက် မြင့်တက်နေဆဲ ဖြစ်ပါတယ်။

‎အီရန် အမြန် ရေယာဉ် ၇ စီးကို မိမိတို့ ပစ်ခတ် ရှင်းလင်းလိုက်တယ်လို့ ဒေါ်နယ် ထရန့်က ပြော ပါတယ်။

‎အဲဒီ အမြန် ရေယာဉ်တွေကို အမေရိကန် စစ်တပ်က ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ထရန့်က ပြောပါတယ်။

‎အီရန် နိုင်ငံပိုင် မီဒီယာကတော့ အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် ကုန်တင် သင်္ဘော နှစ်စီး ထိခိုက်ခဲ့ပြီး အရပ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

‎အမေရိကန် ရေတပ် ဖျက်သင်္ဘော တစ်စီးနဲ့ အမေရိကန် အလံ လွှင့်ထူထားတဲ့ ကုန်တင်သင်္ဘောတွေ မေ ၄ ရက်က ဟောမု့ဇ် ရေလက်ကြားကနေ ဖြတ်သန်းခဲ့တယ်လို့ အမေရိကန်က ပြောထား ပါတယ်။

‎Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.