ကွာလာလမ်ပူ၊ မေ ၄

ပြည်ပက တင်သွင်းရတဲ့ လောင်စာတွေအပေါ် အမှီပြုမှု လျှော့ချရေး မလေးရှား အစိုးရက ကြိုးပမ်းနေချိန် စွမ်းအင်ဈေးနှုန်း မြင့်တက်လာမှုကြောင့် ဇီဝဒီဇယ် အသုံးပြုမှု အရှိန်မြှင့်တင်လိုက်ကြောင်း ကြေညာပါတယ်။

ကျယ်ပြန့်တဲ့ ဆီအုန်းလုပ်ငန်း နယ်ပယ်ရဲ့ ကျောထောက်နောက်ခံပြုမှုနဲ့ မလေးရှားက ကမ္ဘာလုံးဆိုင်ရာ စွမ်းအင် ပြဿနာ ရေရှည် ဖြစ်ပေါ်လာရင် ဇီဝလောင်စာ သုံးစွဲမှု တိုးမြှင့်ဖို့ အစိုးရက စီစဉ်ဆောင်ရွက်နေပါတယ်။

မြင့်သထက်မြင့်တက်လာနေတဲ့ လောင်စာ ကုန်ကျစရိတ်နဲ့ ပတ်သက်လို့ မလေးရှား အစိုးရက တစ်လကို အမတော်ကြေး အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ ကျော်ဖိုး သုံးစွဲနေပေမယ့် တခြား နည်းလမ်း ရှာမရ ဖြစ်နေပါတယ်။

ဇီဝလောင်စာတွေကို ဆီအုန်း အပါအဝင် ပြောင်းဖူး ကြံနဲ့ ပဲပိစပ်တို့က ထုတ်လုပ်ပြီး မလေးရှား အစိုးရက လောင်စာလိုအပ်ချက်ကို ဖြည့်တင်းနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ မလေးရှားအနေနဲ့ ဇီဝလောင်စာ အသုံးပြုမှု ၁၀ ရာခိုင်နှုန်း တိုးမြှင့်ထားပြီး ယာဉ်မောင်းတွေအတွက် လောင်စာ ထုတ်ပေးနေပါတယ်။

အစိုးရအနေနဲ့ ဇီဝလောင်စာ ထုတ်လုပ်မှု တိုးချဲ့ထားပြီး ထုတ်လုပ်ရေးဆိုင်ရာ အခြေခံ အဆောက်အဦတွေလည်း တိုးမြှင့် တည်ဆောက်ထားပါတယ်။

ဒါပေမဲ့ လောင်စာ ပြောင်းလဲ သုံးစွဲရေး အချိန် အကြာကြီး စောင့်ဆိုင်းရမှာ ဖြစ်ကြောင်း မလေးရှား အစိုးရက ပြောပါတယ်။

မိမိတို့အနေနဲ့ ရှိနှင့်ပြီး အခြေခံ အဆောက်အဦတွေကို အဆင့်မြှင့်တင်ရာမှာ ဖြစ်သလို ဇီဝ လောင်စာ ထုတ်လုပ်ရေး အရှိန်မြှင့် ဆောင်ရွက်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီလို လုပ်ဆောင်ဖို့အတွက်လည်း အချိန် တစ်နှစ်ကနေ နှစ်နှစ်လောက်အထိ ယူရမှာ ဖြစ်တယ်လို့ မလေးရှား အရာရှိတွေက ဆိုတာပါ။

လောင်စာဆိုင်ရာအခြေခံ အဆောက်အဦတွေကို အဆင့်တိုးမြှင့် တည်ဆောက်ရေး မလေးရှား ရင်းဂစ် သန်း ၆၀၀ (ကန်ဒေါ်လာ ၁၅၁ သန်း) လိုအပ်မှာ ဖြစ်ကြောင်း မလေးရှား အစိုးရက ပြောပါတယ်။

မလေးရှားမှာ ဒီဇယ်ယာဉ်မောင်း ပိုင်ရှင် တစ်သန်းလောက်ရှိပြီး ပစ်ကပ်ကားတွေ၊ ကုန်တင်ကားတွေ ဘတ်စ်ကားတွေနဲ့ တခြား ယာဉ်မောင်းနှင်သူတွေအနေနဲ့ လောင်စာ ပြောင်းလဲ သုံးစွဲရေး အချိန်ယူရဦးမှာ ဖြစ်တယ်လို့ အရာရှိတွေက ပြောထားပါတယ်။

အခြေခံ အဆောက်အဦဆိုင်ရာလိုအပ်ချက်တွေ ရှိနေပေမယ့် လုပ်ငန်း နယ်ပယ်ဆိုင်ရာ ထောက်ပံ့မှု လုံလောက်တယ်လို့ အရာရှိတွေက ပြောပါတယ်။

မလေးရှား ဇီဝဒီဇယ် အဖွဲ့အစည်း (MBA) က ဇီဝလောင်စာ ထုတ်လုပ်သူတွေအနေနဲ့ တန်ချိန် လေးသိန်း ထပ်ပြီး ထုတ်လုပ်နိုင်တယ်လို့ ပြောထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.