မူးယစ်ဥပဒေ ချိုးဖောက်မှု သံသယနဲ့ ပြည်ပမှာ ဖမ်းဆီးခံထားရတဲ့ မလေးရှား နိုင်ငံသား ၇၂ ဦးရှိ
ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၂
ဇန်နဝါရီကနေ အောက်တိုဘာ ၁၅ ရက်အထိ မူးယစ်ဆေးဝါး ၁၇၀၄ ကီလိုဂရမ်နဲ့ အတူ မူးယစ်ဆေးဝါး နဲ့ ဆက်စပ်တဲ့ ဥပဒေချိုးဖောက်မှု သံသယနဲ့ ပြည်ပမှာ ဖမ်းဆီးခံထားရတဲ့ မလေးရှားနိုင်ငံသား ၇၂ ဦးအထိ ရှိကြောင်း သိရပါတယ်။
အဲဒီ မလေးရှား နိုင်ငံသားတွေဆီကနေ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ရင်းဂစ် ၈၁ ဒသမ ၇၆ သန်း တန်ဖိုးရှိကြောင်းလည်း မလေးရှား အရာရှိတွေက ပြောပါတယ်။
အဲဒီ ကာလအတွင်း အမျိုးသား ၅၇ ဦးနဲ့ အမျိုးသမီး ၁၅ ဦး ပါဝင်တဲ့ မူးယစ်ဆေးဝါး အမှုပေါင်း ၄၈ မှု ရှိခဲ့ တယ်လို့ ဘူကစ် အမန် မူးယစ်ဆေးဝါး ရာဇဝတ်မှု စုံစမ်း စစ်ဆေးရေးဌာန ညွှန်ကြားရေးမှူး ဒါတွတ် ဟူစိန် အူမာ ခန်းက ပြောပါတယ်။
ထိုင်းမှာ ဖမ်းဆီးခံရတဲ့ မလေးရှားနိုင်ငံသားက အများဆုံး ဖြစ်ပြီး ၁၉ ဦးအထိ ဖမ်းဆီးခံထားရတယ်လို့ သူက ပြောပါတယ်။
အဲဒီနောက် အင်ဒိုနီးရှားမှာ ၁၆ ဦး၊ ထိုင်ဝမ်နဲ့ စင်ကာပူမှာ ၈ ဦးစီ၊ ဂျပန်မှာ ၅ ဦး၊ ဖိလစ်ပိုင်မှာ ၄ ဦး၊ အိန္ဒိယနဲ့ ဟောင်ကောင်မှာ ၃ ဦးစီ၊ မကာအိုမှာ ၂ ဦးနဲ့ တောင်ကိုရီးယား၊ နိုင်ဂျီးယား၊ မော်လ်ဒိုက်နဲ့ သီရိလင်္ကာတို့မှာ ၁ ဦးစီ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။
နိုင်ငံတကာ မူးယစ်ဆေးဝါး ဂိုဏ်းတွေက အလုပ်အကိုင် ကမ်းလှမ်းတာ၊ မက်လုံးကြီးကြီး ပေးတာ၊ ခရီးသွားလာမှုအတွက် ထောက်ပံ့ပေးတာ၊ ကြားခံအဖွဲ့အစည်းတွေကိုယ်စား ပစ္စည်းတွေ ပို့ဆောင်ပေးဖို့ တောင်းဆိုတာတွေ အပါအဝင် မလေးရှား နိုင်ငံသားတွေကို နည်းလမ်း အမျိုးမျိုးသုံးပြီး မူးယစ်ဆေးဝါး သယ်ဆောင်သူတွေ အဖြစ် အသုံးချနေတာ ဖြစ်နိုင်တယ်လို့ မလေးရှား မူးယစ်ဆေးဝါး ရာဇဝတ်မှု စုံစမ်း စစ်ဆေးရေးဌာနက ပြောပါတယ်။
အန္တရာယ်တွေနဲ့ ဥပဒေဆိုင်ရာ အရှုပ်အထွေးတွေ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို သတိမပြုမိသူတွေကို အဲဒီ နည်းလမ်းတွေနဲ့ ကောင်းကောင်း လှည့်စားနိုင်တယ်လို့ မလေးရှား ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၁၀ ရက်က တိုကျိုမြို့ ဟာနဲဒါ လေဆိပ်မှာ မလေးရှား နိုင်ငံသား ၅ ဦး ကိုကင်း ၅ ကီလို ရမ် မှောင်ခိုကူးဖို့ ကြိုးပမ်းမှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီ ကိုကင်းတွေရဲ့ တန်ဖိုးဟာ ရင်းဂစ် ၃ ဒသမ ၁ သန်း တန်ဖိုးရှိကြောင်း သိရပြီး စင်ကာပူနဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါးဂိုဏ်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ မလေးရှား နိုင်ငံသားတွေအနေနဲ့ သက်ဆိုင်ရာ နိုင်ငံအလိုက် ဥပဒေအရ ပြင်းပြင်း ထန်ထန် အရေးယူခံရနိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့လည်း ဆိုပါတယ်။
ပြည်ပရောက် မလေးရှား နိုင်ငံသားများ အနေနဲ့ မိမိရောက်ရှိနေတဲ့ နိုင်ငံရဲ့ ဥပဒေတွေကို တင်းတင်းကြပ်ကြပ် လိုက်နာကြဖို့ မလေးရှား အရာရှိတွေက တိုက်တွန်းထား ပါတယ်။
စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ ထိုင်း အပါအဝင် တချို့ နိုင်ငံတွေမှာ မူးယစ်ဆေးဝါး အရေအသွေး၊ သက်ရောက်နိုင်တဲ့ ဥပဒေတွေ၊ ပြစ်မှု အမျိုးအစားအပေါ် မူတည်ပြီးတော့ တချို့သော မူးယစ်ဆေးဝါး ဥပဒေ ချိုးဖောက်မှုတို့ အတွက် သေဒဏ် အပါအဝင် ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးမှုတွေ ရှိနေပါတယ်။
တခြား နိုင်ငံတွေမှာလည်း မူးယစ်ဆေးဝါး မှောင်ခိုကူးမှုအတွက် ရှည်လျားတဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ထောင်ဒဏ် စတဲ့ ပြင်းထန်တဲ့ ပြစ်ဒဏ် ချမှတ်မှုတွေ ရှိနေပါတယ်။
မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်သူတွေ အနေနဲ့ သူတို့ရဲ့ အနာဂတ်နဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ရှိနေတယ်ဆိုတာကို နားလည်ထားရမှာ ဖြစ်တယ်လို့ မလေးရှား အရာရှိတွေက သတိပေးထားပါတယ်။
Ref:Bernama

