ဝါရှင်တန်၊ မေ ၂

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် အစိုးရက အစ္စရေး၊ ကာတာ၊ ကူဝိတ်နဲ့ ယူအေအီးတို့လို အရှေ့အလယ်ပိုင်း မိတ်ဖက်နိုင်ငံတွေဆီ စစ်ရေးပစ္စည်းရောင်းချမှု စုစုပေါင်း ဒေါ်လာ ၈ ဒသမ ၆ ဘီလျံကျော်ကို ကွန်ဂရက်လွှတ်တော်ရဲ့ စစ်ဆေးအတည်ပြုမှုမလိုဘဲ ချက်ချင်းခွင့်ပြုလိုက်ပါတယ်။

ဒီကြေညာချက်ကို အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အမေရိကန်နဲ့ အစ္စရေးက အီရန်နိုင်ငံကို တိုက်ခိုက်နေတဲ့ စစ်ပွဲက ၉ ပတ်တိုင်တိုင် ရောက်ရှိလာပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်တာ သီတင်း ၃ ပတ်ကျော်ဖြစ်လာတဲ့ အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက အရေးပေါ်အခြေအနေတစ်ရပ် ရှိနေတယ်လို့ သတ်မှတ်ပြီး ဒီရောင်းချမှုတွေကို ချက်ချင်း လုပ်ဆောင်ဖို့လိုအပ်တာကြောင့် ကွန်ဂရက်လွှတ်တော်ရဲ့စစ်ဆေးမှု လိုအပ်ချက်ကို ရှောင်လွှားခွင့်ပြုလိုက်တာလို့ ပြောပါတယ်။

ရောင်းချမှုအတွင်းမှာ ကာတာနိုင်ငံအတွက် Patriot လေကြောင်းနဲ့ မစ်ဆိုင်းကာကွယ်ရေးစနစ် ပြန်လည်ဖြည့်တင်းရေး ဝန်ဆောင်မှုအတွက် ဒေါ်လာ ၄ ဒသမ ၀၁ ဘီလျံနဲ့ အဆင့်မြင့် တိကျသော သတ်ဖြတ်မှု လက်နက်စနစ် APKWS အတွက် ဒေါ်လာ ၉၉၂ ဒသမ ၄ သန်း ပါဝင်ပါတယ်။

ကူဝိတ်နိုင်ငံရဲ့ စစ်ဆင်ရေးညွှန်ကြားမှုစနစ်အတွက် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံတန်ဖိုးနဲ့ ရောင်းချခွင့်ပြုထားပြီး အစ္စရေးနိုင်ငံအတွက်လည်း APKWS ကို ဒေါ်လာ ၉၉၂ ဒသမ ၄ သန်းတန်ဖိုးနဲ့ ခွင့်ပြုထားပါတယ်။ ယူအေအီးအတွက်လည်း APKWS ကို ဒေါ်လာ ၁၄၇ ဒသမ ၆ သန်းနဲ့ ခွင့်ပြုထားပါတယ်။

အမေရိကန်နဲ့ အစ္စရေးက ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အီရန်ကို တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ကလည်း အစ္စရေးနဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေရှိတဲ့ ပင်လယ်ကွေ့ဒေသနိုင်ငံတွေကို တိုက်ခိုက်တုံ့ပြန်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် လူထောင်ပေါင်းများစွာ သေဆုံးပြီး လူသန်းပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံဟာ ကူဝိတ်၊ ယူအေအီးနဲ့ ကာတာတို့နဲ့ စစ်ရေးပူးပေါင်းမှုတွေအတွက် လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့် နှစ်တော်တော်များများ ဝေဖန်ခံထားရပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေက ဒီနိုင်ငံတွေမှာ လူနည်းစုတွေ၊ သတင်းသမားတွေ၊ အမြင်မတူသူတွေ၊ LGBT အသိုင်းအဝန်းနဲ့ အလုပ်သမားတွေကို ဖိနှိပ်မှုတွေ ရှိတယ်လို့ ပြောကြပေမယ့် အဲဒီနိုင်ငံတွေကတော့ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

အစ္စရေးကို အမေရိကန်က ပံ့ပိုးနေမှု အထူးသဖြင့် ဂါဇာဒေသမှာ ဖြစ်ပွားတဲ့ စစ်ဆင်ရေးကြောင့် ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် လူသောင်းချီ သေဆုံးပြီး အစာအဟာရ ပြတ်လပ်မှု ဖြစ်ပေါ်လာသလို ပညာရှင်တွေ၊ ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့တွေက လူမျိုးတုံးသတ်ဖြတ်မှုဖြစ်နိုင်တယ်လို့ သတ်မှတ်ထားပါတယ်။

အမေရိကန်ကတော့ သူ့ရဲ့ မိတ်ဖက်နိုင်ငံတွေကို ဆက်လက် ပံ့ပိုးနေတယ်လို့သာ ပြောဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.