ကွာလာလမ်ပူ၊ ဧပြီ ၂၂

မလေးရှားရှိ ကမ္ဘာ့ထိပ်တန်း ကွန်ဒုံးထုတ်လုပ်ရေး ကုမ္ပဏီ Karex Bhd (KARE.KL) က ကုန်ဈေးနှုန်း ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့ စီစဉ်ထားကြောင်း ကုမ္ပဏီ အမှုဆောင် အရာရှိချုပ်က ဧပြီ ၂၁ ရက်မှာ ပြောပါတယ်။

အီရန် စစ်ပွဲကြောင့် ကုန်စည်ထောက်ပံ့မှု အနှောင့်အယှက်ဖြစ်နေတဲ့ အခြေအနေ ရှည်ကြာနေရင် နောက်ထပ် ဈေးနှုန်း တိုးမြှင့်နိုင်ခြေရှိတယ်လို့ သူက ဆိုပါတယ်။

ပို့ဆောင်ရေး ကြံ့ကြာမှုတွေနဲ့ နေရာရွှေ့ပြောင်းရမှု ကုန်ကျစရိတ်တို့ မြင့်တက်လာနေချိန်မှာ ကွန်ဒုံး ဝယ်လိုအားလည်း မြင့်တက်လာတယ်လို့ Karex ကုမ္ပဏီက ပြောပါတယ်။

အဲဒီလို အခက်အခဲတွေကြောင့် သူတို့ရဲ့ ဖောက်သည်တွေမှာ စုဆောင်းထားတဲ့ ကုန်ပစ္စည်း အရေအတွက် ပုံမှန်ထက် လျော့နည်းမှုနဲ့ ကြုံနေရတယ်လို့ အမှုဆောင်အရာရှိချုပ် ဂို မီယာ ကီယက်က ရိုက်တာသတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှု တစ်ခုအတွင်း ပြောပါတယ်။

အခြေအနေက အရမ်း ပြိုလဲလွယ်တာ အသေအချာပါပဲ ကုန်ကျစရိတ်တွေ ဈေးကြီးပါတယ်။ ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိပါဘူး အခုအချိန်မှာတော့ ကုန်ကျစရိတ်တွေကို ဖောက်သည်တွေဆီ လွှဲချဖို့ပဲ ရှိပါတယ်လို့ ဂိုမီယာ ကီယကက်က ပြောပါတယ်။

Karex ကုမ္ပဏီက နှစ်စဉ် ကွန်ဒုံး ၅ ဘီလီယံ ထုတ်လုပ်ပြီး ဗြိတိန် အမျိုးသားကျန်းမာရေး ဌာန NHS နဲ့ ကုလသမဂ္ဂ ဦးစီးတဲ့ ကမ္ဘာလုံးဆိုင်ရာ အကူအညီ ပေးရေး စီမံကိန်းတွေလို အစိုးရနဲ့ဆိုင်တဲ့ ကျန်းမာရေး စနစ်တွေအပြင် Durex နဲ့Trojan တို့လို ထိပ်သီး ကုမ္ပဏီတွေ အတွက်လည်း ကွန်ဒုံးတွေ ထောက်ပံ့ ပေးနေတာ ဖြစ်ပါတယ်။

အီရန် စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းက ဝယ်ယူရတဲ့ စွမ်းအင်နဲ့ ဓာတ်ဆီ ဓာတုထုတ်ကုန်တွေ ပြတ်လပ်နေတဲ့အတွက် ကုန်စည်ထောက်ပံ့ရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ကုမ္ပဏီတွေ ပိုများလာနေပြီး ဆေးဖက်ဆိုင်ရာသုံး လက်အိတ် ထုတ်လုပ်တဲ့ ကုမ္ပဏီတွေလည်း ပါဝင်နေပါတယ်။

အဲဒီ ကုမ္ပဏီတွေဟာ ကုန်ကြမ်းပစ္စည်း ဝယ်ယူရာမှာ အနှောင့်အယှက်တွေ ကြုံတွေ့နေရတာကြောင့် ကုန်စည်ထောက်ပံ့ရေး အခက်အခဲတွေ ရှိနေပါတယ်။

ဖေဖော်ဝါရီ လကုန်ပိုင်းမှာ စစ်ပွဲ စတင်ပြီး ကတည်းက Karex ကုမ္ပဏီဟာ ကွန်ဒုံး ထုတ်လုပ်ရာမှာ အသုံးပြုရတဲ့ ဓာတုနည်းနဲ့ ထုတ်လုပ်ထားတဲ့ ရာဘာလို ကုန်ကြမ်းပစ္စည်းအားလုံးအတွက် ကုန်ကျစရိတ်တွေ ပိုများလာခဲ့ပြီး ထုတ်ပိုးရေး ပစ္စည်းတွေနဲ့ ချောဆီလို ပစ္စည်းတွေလည်း ဈေးပိုမြင့်တက်လာခဲ့တယ်လို့ ဂိုမီယာ ကီယကက်က ပြောပါတယ်။

မိမိတို့ ကုမ္ပဏီအနေနဲ့ လာမယ့် လအနည်းငယ်စာအတွက် ကုန်စည်ထောက်ပံ့ဖို့ အလုံအလောက် ရှိပြီး ဝယ်လိုအား ပိုများလာတာကြောင့် ထုတ်လုပ်မှု တိုးမြှင့်ဖို့ မျှော်လင့်ထားတယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က အမေရိကန်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီက နိုင်ငံခြား အကူအညီတွေ လျှော့ချလိုက်တာကြောင့် နိုင်ငံခြား အကူအညီအတွက် ငွေသုံးစွဲမှု သိသိသာသာ လျော့ကျသွားပြီး နောက်မှာ တစ်ကမ္ဘာလုံး သိုလှောင်ထားတဲ့ ကွန်ဒုံး ပမာဏ သိသိသာသာလျော့ကျသွားခဲ့ပါတယ်။

ယခုနှစ်အတွင်း ကွန်ဒုံး ဝယ်လိုအား ၃၀ ရာခိုင်နှုန်းလောက် မြင့်တက်လာခဲ့ပြီး ကုန်တင်ပို့မှု အခက်အခဲတွေ ရှိနေတာကြောင့် ကွန်ဒုံး ပြတ်လပ်မှုကို ပိုမို ဆိုးရွားလာစေခဲ့တယ်လို့ ဂိုမီယာ ကီယကက်က ပြောပါတယ်။

Karex က ကွန်ဒုံး တင်ပို့နေတဲ့ ဥရောပနဲ့ အမေရိကန်တို့လို နေရာတွေဟာ အခုဆိုရင် ကုန်ပစ္စည်းတွေ ရောက်လာဖို့ နှစ်လလောက် စောင့်နေရတယ်လို့ သိရပါတယ်။

အရင်ကဆိုရင် အဲဒီလို နေရာတွေကို တင်ပို့ဖို့ အချိန် တစ်လလောက်ပဲ ကြာခဲ့တာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.