ICJ စီရင်ချက် အပြည့်အဝမလိုက်နာနိုင်တဲ့ စစ်အစိုးရက အာဆီယံအပေါ် လေသံပြောင်းလာ

နေပြည်တော် ၊ နိုဝင်ဘာ ၂၇

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ရဲ့ မဲခွဲဆုံးဖြတ်မှုတွေနဲ့ ပတ်သက်လို့ တာဝန်သိနိုင်ငံတစ်ခုအနေနဲ့ လုပ်ဆောင်သင့်တာတွေကို လုပ်ဆောင်သွားမှာဖြစ်ပြီး လိုက်နာဖို့ မသင့်တာတွေကို လိုက်နာဆောင်ရွက်သွားမှာ မဟုတ်ဘူးလို့ အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က တုံ့ပြန်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ကြောင်း တာဝန်ရှိတယ်လို့ နိုဝင်ဘာ ၁၉ ရက်နေ့က ICJ တရားရုံးကနေ အပြီးသတ်စီရင်ချက်ချမှုအပေါ် နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

သူ့အနေနဲ့ လက်ရှိအချိန်မှာ နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်လို့ နိုင်ငံတော်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စမှန်သမျှ အဓိက တာဝန်ရှိတယ်လို့ ခံယူထားပြီး နိုင်ငံကို ထိပါးလာတဲ့ ကိစ္စရပ်မှန်သမျှကို လက်ခံမှာ မဟုတ်ဘူးလို့ ဒုသမ္မတတွေအပါအဝင် ပြည်ထောင်စုအဆင့်နဲ့ တိုင်း၊ပြည်နယ်ဝန်ကြီးချုပ်တွေကို ပြောပါတယ်။

စီရင်ချက်နဲ့ပတ်သက်လို့ လက်ရှိ မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်အစိုးရက အပြည့်အဝ မလိုက်နာနိုင်တဲ့ သဘောမျိုး သက်ရောက်နေသလို ဘယ်အချက်ကို လိုက်နာပြီး ဘယ်အချက်ကို မလိုက်နာဘူးဆိုတာကိုလည်း ထည့်သွင်းပြောဆိုခြင်း မရှိခဲ့ပါဘူး။

ICJ ဟာ နိုင်ငံအချင်းချင်း တရားဥပဒေဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းပေးတဲ့ ကုလသမဂ္ဂရဲ့ အဆင့်မြင့်ဆုံး တရားရုံးဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ တာဝန်ရှိမှုကိုသာ စီရင်ဆုံးဖြတ်ပေမယ့် အမှုရဲ့ အချက်အလက်တွေနဲ့ သက်သေအထောက်အထားတွေမှာ မြန်မာစစ်တပ်နဲ့ တပ်ချုပ်တာဝန်ယူခဲ့သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အမည်တွေကို ဖော်ပြထားတာပါ။

တကယ်လို့ မြန်မာနိုင်ငံက ICJ ရဲ့ စီရင်ချက်အပေါ် လိုက်နာဖို့ ပျက်ကွက်ခဲ့ရင် တရားစွဲဆိုထားတဲ့ ဂမ်ဘီယာနိုင်ငံက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်ပြပြီး အဲဒီကနေ အရေးယူပိုင်ခွင့်ရှိပါတယ်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က စီရင်ချက်ကို လုံးဝ မလိုက်နာဖို့ ခက်မှာဖြစ်သလို လူပုဂ္ဂိုလ်တစ်ဦးချင်းစီ တရားစွဲတဲ့ ICC မှာ ဇာတ်လမ်း ဆက်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ ICJ တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်ကို လုံးဝကြီး မလိုက်နာဖို့တော့ ခက်မယ်ဗျ။ ဘာလို့လဲဆို ဒါတွေက အခုပဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆက်သွားမယ်လေ။ ပြီးရင် နိုင်ငံတကာရာဇဝတ်တရားရုံး ICC ဆိုတဲ့ တရားရုံး လူတစ်ယောက်ချင်းစီ တရားစွဲတဲ့ ဇာတ်လမ်းတွေ ဆက်ဖြစ်လာနိုင်တယ်။ ဘယ်ဟာကို လိုက်နာမယ် ဘယ်ဟာကို မလိုက်နာမယ် သေချာမသိသေးတော့ ပြောရခက်ပါတယ်”လို့ ဆိုပါတယ်။

စစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ နယ်နိမိတ်အတွင်း အမှန်တကယ်နေထိုင်ခဲ့ပြီး လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေတဲ့ နေရပ်စွန့်ခွာသူတွေကို စိစစ်လက်ခံရေးနဲ့ ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ဖို့ အခြေအနေပေးတာနဲ့ ပြန်လက်ခံမယ်လို့ နိုဝင်ဘာ ၂၀ ရက်မှာ အသိပေးထားတာပါ။

ဒါဟာ ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်မှာသာ ပြန်လည်လက်ခံရမှာဖြစ်တဲ့အတွက် စစ်အစိုးရအနေနဲ့ မြေပြင်မှာ နယ်မြေထိန်းချုပ်မှု မရှိတာကြောင့် လက်တွေ့ အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်တာတွေလည်း ရှိနေပြန်ပါတယ်။

တစ်ဘက်မှာ ICJ တရားရုံးစီရင်ချက်နဲ့ပတ်သက်လို့ ဗြိတိန်အပါအဝင် ၁၄ နိုင်ငံက ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး အသိအမှတ်ပြုထောက်ခံထားကြတာရှိသလို အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့ကလည်း အလားတူ ထောက်ခံကြိုဆိုကြပါတယ်။

ဗြိတိန်နိုင်ငံက အထူးသဖြင့် မြန်မာစစ်တပ်ရဲ့ အဆင့်မြင် စစ်ဗိုလ်အရာရှိ ငါးဦးကို ဒဏ်ခတ်အရေးယူလိုက်သလို မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့မှုနဲ့ပတ်သက်ပြီး ပိတ်ပင်မယ့် ဥပဒေတစ်ရပ်ကိုလည်း လွှတ်တော်မှာ တင်သွင်းဖို့ ရှိနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက အသိပေးထားတာပါ။

စီရင်ချက်ထဲမှာ လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ပါ တဝန်ဝတ္တရားတွေကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ ဥပဒေပြဋ္ဌာန်းတာနဲ့ လက်ရှိဖြစ်ပွားနေဆဲ ချိုးဖောက်မှုတွေကို ရပ်တန့်ဖို့ ဖြစ်ပါတယ်။

အမှုမှာ ကျူးလွန်ခဲ့တာ ဒါမှမဟုတ် ကျူးလွန်ခဲ့တယ်လို့ သံသယရှိသူတွေအားလုံးကို စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံး လုပ်ဆောင်ပြီး တရားစွဲဆို အရေးယူဖို့နဲ့ အနာဂတ်မှာ ချိုးဖောက်မှုတွေ ထပ်မဖြစ်စေဖို့ အာမခံချက် ပေးရမယ့်အပြင် အလားတူ ချိုးဖောက်မှုတွေ မဖြစ်အောင် တားဆီးရမယ်လို့ ဆုံးဖြတ်ထားတာပါ။

နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေ သူတို့ ဆန္ဒအလျောက် လုံခြုံပြီး သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးနဲ့ မိသားစုတွေ ပြန်လည်ပေါင်းစည်းရေးကို ခွင့်ပြုဖို့ အပါအဝင် ရိုဟင်ဂျာတွေအတွက် ပြန်လည်ကုစားမှုတွေ လုပ်ဆောင်ဖို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေနဲ့ သူတို့ရဲ့ လူမှုအသိုင်းအဝိုင်းတွေ ရင်ဆိုင်ခဲ့ရတဲ့ ဆုံးရှုံးမှုတွေအတွက် လျော်ကြေးပေးရမှာဖြစ်ပြီး လျော်ကြေးပမာဏနဲ့ ဘယ်လိုပေးရမလဲဆိုတဲ့ ပြန်လည်ကုစားရေးအစီအမံတွေကို နောက်အဆင့်မှာ ဆုံးဖြတ်မှာပါ။

ဒီအတွက် မြန်မာနိုင်ငံအနေနဲ့ လာမယ့် ၂ နှစ်အတွင်း ပြန်လည်ကုစားရေးအစီအမံတွေ လျော်ကြေးပေးတဲ့ ပမာဏနဲ့ ပေးအပ်မယ့် ပုံစံတွေကို ICJ တရားရုံးထံ အစီရင်ခံစာတစ်ရပ် တင်သွင်းရမှာ ဖြစ်ပါတယ်။ ဒါဟာ တပ်ချုပ်တာဝန်ယူခဲ့တဲ့ ဦးမင်းအောင်လှိုင်ရဲ့ လက်ရှိ သမ္မတသက်တမ်းအတွင်း အကျုံးဝင်နေတာပါ။

အဲဒီ စီရင်ဆုံးဖြတ်ချက်တွေအပေါ် အယူခံဝင်ခွင့်မရှိတာကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ လက်ရှိ စစ်အစိုးရက အပြည့်အဝ လိုက်နာအကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့ရင် နောင်တက်လာမယ့် အစိုးရအဆက်ဆက်ပေါ် ဥပဒေအရ စည်းနှောင်မှု ဖြစ်စေပါတယ်။

ဦးမင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ် စွပ်စွဲချက်တစ်ခုဖြစ်ပြီး အဲဒီအမှုကို တင်သွင်းခဲ့ချိန်ကနေ ၇ နှစ်အတွင်း မြန်မာနိုင်ငံအနေနဲ့ တရားရုံးရဲ့ လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်မှုတွေကို အချက်အလက်ခိုင်မာစွာနဲ့ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

လူမျိုးသုဉ်းစေမှု Genocide ဆိုတဲ့ အသုံးအနှုန်းဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး မြန်မာနိုင်ငံအနေနဲ့ တရားရုံးကို စာနဲ့ဖြစ်စေ နှုတ်နဲ့ဖြစ်စေ လျှောက်လဲချက်တွေ တင်သွင်းတဲ့အခါ သက်ဆိုင်ရာအချက်အလက်တွေ မှတ်တမ်းတွေနဲ့ သက်သေအထောက်အထားတွေကို ပြည့်ပြည့်စုံစုံ တင်ပြခဲ့တယ်လို့ ပြောကြားထားတာပါ။

တစ်ဘက်မှာတော့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံအားလုံးနဲ့ မိတ်ဝတ်မပျက်ဆက်ဆံရေးကို အထူးအလေးထားပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လို့ အာဆီယံရဲ့ ပဋိညာဉ်အတိုင်း အဖွဲ့ဝင်နိုင်ငံတွေအပေါ် ဆက်လက်ဆက်ဆံသွားမယ်လို့ ဆိုပါတယ်။

အာဆီယံပဋိညာဉ်တွေနဲ့ မူဝါဒတွေကို အဖွဲ့ဝင်နိုင်ငံ့ခေါင်းဆောင်တွေက လက်မှတ်ရေးထိုး သဘောတူထားတာဖြစ်လို့ ပျက်ပြယ်မှုမရှိသရွေ့ အဲဒီအပေါ် အခြေခံပြီး လိုက်နာဆောင်ရွက်သွားမယ်လို့ သူက အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကနေ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်သုံးသပ်ရေးနဲ့ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေအပေါ် အာဆီယံနဲ့ ရှေ့ဆက် ဆက်ဆံဖို့ ပြန်လည်သုံးသပ်သွားမယ်လို့ တုံ့ပြန်ထားတာပါ။

လက်ရှိ ICJ စီရင်ချက်ထွက်ပေါ်ခဲ့မှုအပြီး နိုင်ငံတကာအပါအဝင် အထူးသဖြင့် အာဆီယံအလှည့်ကျဥက္ကဌဖြစ်တဲ့ ဖိလစ်ပိုင် အပါအဝင် ဥက္ကဌဖြစ်လာမယ့် စင်ကာပူနဲ့ အဖွဲ့ဝင် မလေးရှားနိုင်ငံတို့ရဲ့ တရားရုံးစီရင်ချက်ကို ထောက်ခံကြိုဆိုမှုတွေ ရှိလာကြတဲ့အပေါ် လေသံပြောင်းလာတာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအနေနဲ့ကတော့ ICJ တရားရုံးစီရင်ချက်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံအပေါ် သဘောထားထုတ်ပြန်လာတာ မရှိသေးပါဘူး။

လောလောဆယ်မှာ အာဆီယံတစ်နိုင်ငံချင်းစီက သံတမန်ရေးရာအရ စစ်ရာဇဝတ်ပြစ်မှုရှိသူနဲ့ ဆက်ဆံဖို့ သတိထားပြီး နောက်တွန့်သွားစေတယ်လို့ ဦးတိုးဇော်လတ်က မှတ်ချက်ပြုပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-PPIB

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.