နေပြည်တော် ၊ နိုဝင်ဘာ ၂၇
တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဥစားကြက်၊ အသားစားကြက်၊ ဝက်၊ ဆိတ်၊ နွားနဲ့ ငါးမွေးမြူမှုတွေကို စီမံချက် ရေးဆွဲပြီး အခုထက် ပိုမိုတိုးတက်အောင် မွေးမြူကြဖို့ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ညွှန်ကြားလာပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်အစိုးရအဖွဲ့ရဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးမှာ အာဏာသိမ်း သမ္မတက သူ့လက်အောက်ခံ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို ညွှန်ကြားခဲ့တာပါ။
မွေးမြူရေး လုပ်ငန်းအတွက် လိုအပ်တဲ့ တိရစ္ဆာန်အစားတွေကိုတော့ ဒေသအလိုက် ထွက်ရှိတဲ့ ဖွဲ၊ ဆန်ကွဲ၊ ပြောင်းစတဲ့ စိုက်ပျိုးရေး ထွက်ကုန်တွေနဲ့ ထုတ်လုပ်ပြီး မွေးမြူရေး လုပ်ငန်း တိုးတက်အောင် ဆောင်ရွက်ဖို့ ပြောဆိုခဲ့ပါတယ်။
စိုက်ပျိုး မွေးမြူရေးလုပ်ငန်းတွေနဲ့ ကုန်ထုတ်လုပ်ငန်းတွေ ပိုမိုတိုးတက် လာစေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ကြပ်မတ် ဆောင်ရွက်နေဖို့နဲ့ လိုသလို အမှန်တကယ် အလုပ်လုပ်စေရေးအတွက်လည်း ဝန်ကြီးချုပ်တွေက ကြပ်မတ်ဖို့ အာဏာသိမ်း သမ္မတက ညွှန်ကြားခဲ့တာပါ။
မွေးမြူရေး လုပ်ငန်းရှင် တစ်ဦးကတော့ အာဏာသိမ်း သမ္မတက မွေးမြူရေး လုပ်ငန်းတွေ တိုးတက်အောင် လုပ်ဖို့ ပြောပေမယ့် လက်တွေ့မှာ မွေးမြူရေး အစာတွေကအစ ဈေးနှုန်း မြင့်တက်နေသလို အစိုးရကလည်း ကူညီတာ မရှိတဲ့ အတွက် ရပ်နားရဖို့ ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မွေးမြူရေး သမားတွေ အဆင်မပြေဘူး၊ CP စာတွေလည်း ဈေးတက်တာလည်း ပါတယ်။နောက်တစ်ခုက ဒီဆန်ကွဲ ဈေးနှုန်းတွေ တက်တာလည်း ပါတယ်။ မကိုက်ကြတော့ဘူးလေ။ ဘာမှလည်း ထောက်ပံ့တာ မရှိ၊ ဘာမှလည်း လုပ်လို့လည်း မရ၊ အစိုးရ ဘက်ခြမ်းကလည်း ဘာမှလည်း အကူအညီ တောင်းလို့ မရ၊ ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ ပြန်ရမယ့်ငွေနဲ့ ကိုက်ညီမှု မရှိကြတော့ နားဖို့ပဲ ရှိကြတာပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် မွေးမြူရေး လုပ်ငန်း တိုးတက်အောင် လုပ်ဖို့ အတွက်ဆိုရင် အမှန်တကယ် လိုအပ်တဲ့ မွေးမြူရေး လုပ်ငန်းသုံး ကုန်ကြမ်း ပစ္စည်းတွေကို အလွယ်တကူ ဝယ်ယူလို့ ရအောင် ဆောင်ရွက်ပေးသင့်ပြီး အခုလို ညွှန်ကြား နေရုံနဲ့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ သူက ဝေဖန်ပါတယ်။
တဖက်မှာတော့ အာဏာသိမ်း စစ်အစိုးရဟာ မွေးမြူရေး လုပ်ငန်းသုံး အစာနဲ့ ဆေးဝါးအပါအဝင် တခြားကုန်ကြမ်း ပစ္စည်းတွေကို တင်သွင်းဖို့အတွက် သွင်းကုန် လိုင်စင်တွေ တင်းကျပ်ထားသလို တခြား နည်းလမ်းတွေနဲ့ တင်သွင်းပါကလည်း ဖမ်းဆီးမှုတွေ ပြုလုပ်နေတာပါ။
စစ်အစိုးရက မွေးမြူရေး လုပ်ငန်းသုံး ကုန်ကြမ်း ပစ္စည်းတွေကို တင်းကျပ်ထားတဲ့အတွက် ဈေးကွက်အတွင်း မွေးမြူရေး လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတွေ ဈေးနှုန်း အဆမတန် မြင့်တက်နေသလို တချို့ ပစ္စည်းတွေလည်း ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

