ဘီးလင်း၊ နိုဝင်ဘာ ၂၇
မွန်ပြည်နယ် ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာအနီး ဖြစ်ပွားတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ရွှေတွင်းလုပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ နိုဝင်ဘာ ၂၅ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ နတ်ကြီးစစ်တပ်စခန်းကနေ နယ်မြေလှုပ်ရှား စစ်ကြောင်းထွက်လာတဲ့ အာဏာသိမ်း စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နတ်ကြီးကျေးရွာ ရွှေတူးဖော်ရေးလုပ်ငန်းက အသက် ၂၀ အရွယ် လူငယ် တစ်ဦးနဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသမီး တစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
တိုက်ပွဲအတွင်း လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ရွှေတွင်းလုပ်သား နှစ်ဦးကိုတော့ ဘီးလင်းဆေးရုံထံ ပို့ဆောင်ထားပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာမှာ စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ငါးဦး သေဆုံးပြီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

