ကျိုက်ထိုမှာ လေကြောင်းရန်ကြောင့် သောင်းနဲ့ချီ စစ်ရှောင်တွေ နေရပ်မပြန်ရဲသေး

ကျိုက်ထို၊ နိုဝင်ဘာ ၂၇

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်း စစ်တပ် စစ်ကြောင်းပြန်ထွက်သွားပေမယ့် လေကြောင်းရန်ကြောင့် သောင်းနဲ့ချီ စစ်ရှောင်တွေ နေရပ်မပြန်ရဲသေးဘူးလို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်တပ် စစ်ကြောင်းတွေဟာ နိုဝင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းမှာ စစ်ကြောင်းပြန်ဆုတ်သွားပေမယ့် နိုဝင်ဘာ ၂၆ ရက်နေ့အထိ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေ နေရပ်မပြန်ရဲသေးပါဘူး။

စစ်ရှောင်ပြည်သူ အများစုဟာ စစ်တပ်ရဲ့ လေကြောင်းရန်နဲ့အတူ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံထားရတာကြောင့် တောတောင်တွေနဲ့ဥယျာဉ်ခြံတွေထဲမှာသာ ဆက်လက်နေထိုင်နေကြတယ်လို့ ဆိုပါတယ်။

စစ်ရှောင်ပြည်သူတွေ စစ်ရှောင်ရတာ အချိန် သုံးပတ်ကျော်လာတဲ့အတွက် စားဝတ်နေရေး ပိုမိုကျပ်တည်းလာပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ အရေးပေါ် လိုအပ်နေပါတယ်။

တဖက်မှာလည်း အာဏာသိမ်း စစ်တပ်ဟာ စစ်ကြောင်းပြန်ဆုတ်စဉ် ဒေသခံတွေ အသုံးပြုတဲ့ ဆိုင်ကယ်အစုတ် ၊ ဆိုလာပြားတွေပါမကျန် နေအိမ်တွေမှာ ရှိနေတဲ့ အသုံးပြုလို့ရတဲ့ ပစ္စည်းမှန်သမျှ ကားတွေနဲ့သယ်ပြီး ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

ကျိုက်ထိုမြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ကစလို့ အင်အား ၁၂၀၀ ကျော်နဲ့စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်း စစ်တပ်ဟာ နိုဝင်ဘာ ၂၀ ရက်နေ့မှာ ရန်ကုန်ဘက်ကို စစ်ကြောင်းပြန်ဆုတ်သွားတာ ဖြစ်ပါတယ်။

စစ်တပ်စစ်ကြောင်းဟာ စစ်ကြောင်းပြန်ဆုတ်စဉ် နိုဝင်ဘာ ၁၈ ရက်နေ့မျာ နတ်စင်နဲ့ကျောက်ဖျာကျေးရွာက နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အာဏာသိမ်း စစ်တပ် စစ်ကြောင်းထိုးမှုနဲ့အတူ နှစ်ဖက်တိုက်ပွဲတွေကြောင့် ကျိုက်ထိုမြို့နယ်က ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ ၂၀၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ကျိုက်ထိုစစ်ဆင်ရေးမှာ အမျိုးသားညီညွှတ်ရေးအစိုးရ NUG အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် တော်လှန်ရေးတပ်ဖွဲ့စခန်း ၂၈ ခုအထိ သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.