စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ထားဖို့ စစ်အစိုးရ ထပ်မံညွှန်ကြား

နေပြည်တော်၊ နိုဝင်ဘာ ၂၆

နေပြည်တော်ကောင်စီအပါအဝင် သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အလိုက် စစ်မှုထမ်း အကျုံးဝင်သူ အင်အားစာရင်းကို စနစ်တကျ မှတ်ပုံတင်ထားဖို့ စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ညွှန်ကြားလာပါတယ်။

မနေ့ နိုဝင်ဘာ ၂၆ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေးမှာ စစ်မှုထမ်း တပ်သား ထပ်မံဆောင်းစုသွားမယ့် အခြေအနေနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာပါ။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က စစ်မှုထမ်း အကျုံးဝင်သူတွေကို လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး စာရင်းပြုစု မှတ်ပုံတင်ထားဖို့နဲ့ မှတ်ပုံတင်ထားတဲ့သူတွေကို အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ ညွှန်ကြားလာပါတယ်။

စစ်မှုထမ်း ဆင့်ခေါ်ရာမှာ အဆင့်ဆင့်သော ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တွေအနေနဲ့ စည်းကမ်းတကျ ဆင့်ခေါ်မှုကို အလေးထားဆောင်ရွက်ဖို့နဲ့ အဓမ္မဆင့်ခေါ်တာနဲ့ငွေကြေးတောင်းခံမှုတွေ မရှိအောင် စီမံဆောင်ရွက်ဖို့ ညွှန်ကြားခဲ့ပါတယ်။

မြေပြင်မှာတော့ စစ်တပ်နဲ့ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ စစ်မှုထမ်း အကျုံးဝင်တဲ့ လူငယ်တွေကို အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်မှုထမ်း ရောင်းစားမှုတွေ ဆက်လက်ကျုးလွန်နေတာ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အတင်းအဓမ္မဆင့်ခေါ်တာနဲ့ ငွေကြေးတောင်းခံမှုတွေကို ထိရောက်စွာ အရေးယူဖို့နဲ့ စစ်မှုထမ်းဆင့်ခေါ် ရေးလုပ်ငန်းစဉ် ပုံရိပ် ထိခိုက်မှုမရှိစေရေး ထိန်းသိမ်းကြပ်မတ်ဖို့ ညွှန်ကြားထားပါတယ်။

နိုင်ငံအနှံ့ ခုခံတော်လှန်စစ်ကြောင့် တပ်အင်အားပြုန်းတီးမှုကို ရင်ဆိုင်ခဲ့ရတဲ့ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို အသက်သွင်းခဲ့ပါတယ်။

စစ်မှုထမ်း ဥပဒေ အသက်သွင်းပြီးနောက် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၃၀ အထိ သင်တန်းဖွင့်လှစ်ထားပြီး အနည်းဆုံး တပ်သား ၁၅၀,၀၀၀ နီးပါး စစ်သားစုဆောင်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.