ပုလောမှာ စစ်တပ်ဗုံးကြဲမှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံး

ပူလော၊ နိုဝင်ဘာ ၂၇

တနင်္သာရီတိုင်း ပုလောမြို့နယ် တိုးတယ်ထာကျေးရွာမှာ အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ မနေ့ နိုဝင်ဘာ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်လောက်မှာ တိုးတယ်ထာကျေးရွာကို ဂျက်ဖိုက်တာ လေယာဉ် နှစ်စီးနဲ့ ဗုံး နှစ်လုံး လာရောက်ကြဲချသွားပါတယ်။

လေကြောင်းဗုံးကြဲမှုကြောင့် တိုးတယ်ထာကျေးရွာက အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး သေဆုံးပြီး နေအိမ် တစ်လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။

အာဏာသိမ်း စစ်တပ် လေကြောင်းဗုံးကြဲသွားတဲ့ တိုးတယ်ထာကျေးရွာမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတာ မရှိဘဲ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု ဖြစ်တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ဆိုထားပါတယ်။

နှစ်ဖက်စစ်ရေး ပြန်လည်ပြင်းထန်နေတဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့လကစလို့ အာဏာသိမ်း စစ်တပ်က အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာပါတယ်။

‎ပြီးခုဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ကညှင်ချောင်းနဲ့ မျှော့ချောင်းကျေးရွာတို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် မိသားစုဝင် လေးဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE 5 Thanintharyi ထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.