ဝါရှင်တန်၊ နိုဝင်ဘာ ၂၇
Nvidia ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဂျန်ဆန် ဟွန်ဟာ လုံခြုံရေး အန္တရာယ် ပေးနိုင်သူ တစ်ယောက် ဖြစ်တယ်ဆိုတဲ့ လုံလောက်တဲ့ သတင်းအချက်အလက်တွေ မတွေ့မြင်ရဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က နိုဝင်ဘာ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။
အရှုပ်တော်ပုံကြောင့် အခက်ကြုံနေတဲ့ ဂျန်ဆန် ဟွန်ရဲ့ အမှုဆောင်အရာရှိချုပ်ရာထူး ဆက်လက် တည်မြဲအောင် မိမိတို့ အစိုးရက ကြားဝင် ဖြေရှင်းပေးခဲ့တာဟာ ကမ္ဘာကြီးအတွက် ကြီးကျယ်တဲ့ အရာ ဖြစ်တယ်လို့ ထရန့်က အမွှမ်းတင် ပြောဆိုပါတယ်။
သူ လုံးဝ အဆင်ပြေတယ်လို့ မိမိထင်ကြောင်း ထရန့်က သူ့ရဲ့ Mar-a-Lago အိမ်မှာ သတင်းထောက်တွေကို ပြောပါတယ်။
တရားရေးဌာနက ဟွန်ကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီး ဖြစ်ကြောင်း အတည်မပြုရသေးတဲ့ အချိန်မှာ ဘာလို့ အခုလို အသေအချာ ပြောနိုင်ရတာလဲလို့ AFP သတင်းဌာနက မေးမြန်းချိန်မှာ ထရန့်က သူရထားတဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံပြီး အဲဒီလို ယုံကြည်ထားတာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
AI နည်းပညာ ပြောင်းလဲမှုမှာ အဓိက ပုဂ္ဂိုလ် တစ်ယောက် ဖြစ်တဲ့ ဟွန်ဟာ တရုတ် ထောက်လှမ်းရေးနဲ့ ဆက်နွယ်နေတယ်လို့ဆိုတဲ့ စီးပွားရေး အမှုဆောင် တစ်ယောက်နဲ့ ဇတ်လမ်းရှိခဲ့တယ်ဆိုတဲ့ ထုတ်ဖော်မှုတွေကြောင့် အခုလ စောစောပိုင်းက ရာထူးက နုတ်ထွက်ခဲ့ရပါတယ်။
သူနဲ့ ဇတ်လမ်းရှိခဲ့တဲ့ အမျိုးသမီးရဲ့ ကုမ္ပဏီက အမေရိကန်ရဲ့ ပို့ကုန် ထိန်းချုပ်မှုတွေကို ချိုးဖောက်ပြီး တရုတ်အတွက် အဆင့်မြင့် ကွန်ပြူတာ ချပ်စ်တွေ ရရှိအောင် ကူညီခဲ့ဖွယ်ရှိတယ်လို့ သိရပါတယ်။
သူ ရုတ်တရက် ရာထူးကနေ နုတ်ထွက်လိုက်တာကြောင့် Nvidia ကုမ္ပဏီ စတော့ရှယ်ယာ ဈေးတွေ လျော့ကျသွားခဲ့ပြီး ကုမ္ပဏီ ဘုတ်အဖွဲ့က သူတို့ ရာထူး ပြန်လည် ခန့်အပ်ရေး မထင်မှတ်ဘဲ ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်းမှပဲ ရှယ်ယာဈေးတွေ တစ်စိတ်တစ်ပိုင်း ပြန်မြင့်တက်လာခဲ့ပါတယ်။
မိမိနဲ့ မိမိ အစိုးရအဖွဲ့ထဲက တခြား အရာရှိတွေက ဟွန်ကို ရာထူး ပြန်ခန့်အပ်ရေး ကန့်လန့်ကာ နောက်ကွယ်က တွန်းအားပေးခဲ့တယ်လို့ ထရန့်က ထုတ်ဖော်ပြောဆိုထားပါတယ်။
ဒါက ထိပ်တန်း ကုမ္ပဏီ တစ်ခုရဲ့ ဆုံးဖြတ်ချက် ချက်မှတ်ရာမှာ အစိုးရက အများကြီး မူမမှန်တဲ့ ကြားဝင် စွက်ဖက်မှု တစ်ခု ဖြစ်ပါတယ်။
ဟွန်အား ရာထူး ပြန်လည် ခန့်အပ်ကြောင်း ကြေညာပြီး နောက်ပိုင်း သူနဲ့ စကားပြောပြီးပြီလားလို့ မေးမြန်းချိန်မှာ ထရန့်က မပြောရသေးဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ ပြောတာက သူ့ကို မိမိစကားပြောခဲ့တဲ့ အချိန်က သူရာထူး ပြန်ရလို့ အရမ်း ဝမ်သာနေတယ်လို့ ထရန့်က ပြောပြီး ဒါက သူ့ရဲ့ ဒုတိယ သက်တမ်း ဖြစ်တယ်လို့ ပြောကြောင်း ဖြေကြားပါတယ်။
သူက ဟွန်ရဲ့ ဇနီးသည်ကိုလည်း ချီးကျူးပြီး ထူးခြား အံ့သြစရာ အမျိုးသမီး တစ်ယောက် ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:AFP

