ဘန်ကောက်မြို့ရှိ ရေနံ သန့်စင်စက်ရုံ ပေါက်ကွဲပြီး လူ ၉ ဦး ဒဏ်ရာရ

ဘန်ကောက်၊ နိုဝင်ဘာ ၂၇

ဘန်ကောက်မြို့ရှိ ရေနံ သန့်စင် စက်ရုံတစ်ရုံမှာ ပေါက်ကွဲမှု ဖြစ်ပြီးနောက် လူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်း အာဏာပိုင်တွေက ပြောပါတယ်။

ဒဏ်ရာရရှိသူတွေထဲက ၃ ဦး ဒဏ်ရာ ပြင်းထန်ကြောင်း AFP သတင်းဌာနက ဖော်ပြထားပြီး ဒေသတွင်း ဆေးရုံက လူနာ ၄ ဦးကို စောစောပိုင်း စစ်ဆေးအကဲဖြတ်မှုကို ပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။

စွမ်းအင်လုပ်ငန်းကြီး Bangchak Corporation ဖွင့်လှစ်ထားတဲ့ ထိုင်းနိုင်ငံ မြို့တော်ရဲ့ အရှေ့ပိုင်းရှိ ဖရာခါနွန် စက်ရုံမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။

မီးလောင်မှုကို မိနစ် ၃၀ အတွင်း ထိန်းချုပ်နိုင်ခဲ့တယ်လို့ ကုမ္ပဏီက ပြောကြားပြီး ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားရတဲ့ အကြောင်းအရင်းကို စုံစမ်း စစ်ဆေးနေပါတယ်။

ပေါက်ကွဲမှု ဖြစ်ပြီးနောက် ဘန်ကောက်မြို့ ဝေဟင်တခွင်မှာ အနက်ရောင် မီးခိုးတွေ မြင်တွေ့ခဲ့ပြီး ဒေသဆိုင်ရာ အရာရှိတွေက အဲဒီ ဒေသကနေ ထွက်သွားကြဖို့ ဒေသခံတွေကို ညွှန်ကြားခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း ဘန်ကောက် အာဏာပိုင်တွေက အတည်ပြုထားတဲ့ အသိပေးချက်တွေကို မိုဘိုင်းဖုန်းတွေဆီ ပေးပို့ခဲ့ပေမယ့် အဲဒီ ဒေသကို လူတွေ ရှောင်ရှားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

စက်ရုံမီးလောင်နေပုံကို မျက်မြင်ကြုံတွေ့သူတွေက ဗီဒိယိုရိုက်ပြီး လူမှုမီဒီယာပေါ်မှာ ဖော်ပြထားကြပါတယ်။

မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားရာနေရာသို့ ရောက်ရှိလာတဲ့ ထိုင်း စွမ်းအင်ဝန်ကြီး အကာနတ် ဖရွမ်ဖန်က ရေနံတွေ ထားသိုထားတဲ့ နေရာက ပေ ၃၃၀ လောက်မှာ ရှိတဲ့ ပေါင်းခံမျှော်စင်မှာ မီးစလောင်ခဲ့တာကြောင့် ပေါက်ကွဲမှုရဲ့ သက်ရောက်မှု အကန့်အသတ်ရှိခဲ့တာ ဖြစ်ပုံရတယ်လို့ ပြောပါတယ်။

အဲဒီ ရေနံ သန့်စင် စက်ရုံဟာ လူနေဒေသမှာ ရှိနေတာကြောင့် အခု ဖြစ်ရပ်ဟာ စိုးရိမ်စရာကောင်း တယ်လို့ သူက ပြောကြားပြီး ဘာပြဿနာမှ မရှိဘဲ လုပ်ငန်း ပြန်လည်ပတ်နိုင်ပြီလို့ ယုံကြည်ရနိုင်တဲ့အချိန်အထိ ထုတ်လုပ်မှု ရပ်ဆိုင်းထားရေး အစိုးရက ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားတဲ့ ဒေသတဝန်း လေထု အရည်အသွေး စောင့်ကြည့်ရာမှာ သာမန် အတိုင်းအတာမှာပဲ ရှိနေတယ်လို့ Bangchak Corporation က ပြောပါတယ်။

တစ်ရက်ကို ရေနံစည်ပေါင်း ၁၂၀၀၀၀ သန့်စင်နိုင်တဲ့ အဲဒီ စက်ရုံမှာ ထုတ်လုပ်မှု ရပ်တန့်ထားပြီ ဖြစ်ကြောင်း ကုမ္ပဏီက အတည်ပြုပါတယ်။

အဲဒီ ကုမ္ပဏီမှာ ဘန်ကောက်က မိုင် ၅၀ လောက်အကွာ ချွန်ဘူရီပြည်နယ်မှာ ဒုတိယမြောက် ရေနံသန့်စင် စက်ရုံ တစ်ခုလည်း ရှိပြီး တစ်နေ့ကို ရေနံစည်ပေါင်း ၁၈၀၀၀၀ အထိ သန့်စင်ပေးနိုင်ပါတယ်။

၂၀၁၂ ခုနှစ် ဇူလိုင်လက အဲဒီ ဘန်ကောက် ရေနံ သန့်စင် စက်ရုံမှာ ပေါက်ကွဲမှု ဖြစ်ပြီး မီးလောင်ခဲ့ပေမယ့် ထိခိုက် ဒဏ်ရာရမှု မရှိခဲ့ပါဘူး။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.