နေပြည်တော်၊ ဧပြီ ၂၂
အာဆီယံနဲ့ အပြည့်အဝ ပြန်လည် ပေါင်းစည်းချင်တယ်ဆိုရင် မြန်မာအနေနဲ့ အာဆီယံရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းပေးရမှာ ဖြစ်ကြောင်း ထိုင်း လက်ထောက်ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး ဆီဟာဆက် ဖူအန်ခက်ကွေးက နေပြည်တော်သို့ သွားရောက်ခဲ့ပြီးနောက် သတင်းထောက်တွေကို ပြောလိုက်ပါတယ်။
တစ်ဆင့်ချင်း ချဉ်းကပ်မှုက တစ်ဆင့် အာဆီယံနဲ့ မြန်မာ ပြန်လည်စေ့စပ်မှုကို ထိုင်းက ထောက်ခံကြောင်းလည်း သူက ပြောပါတယ်။
အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်မှုနဲ့ ပတ်သက်လို့ တိုးတက်မှု အကန့်အသတ်နဲ့သာ ရှိတယ်လို့ သူက ပြောထားပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ဆွေးနွေးမှု အထမြောက်လာစေရေး ဦးဆောင် အခန်းကဏ္ဍက ပါဝင်ကူညီပေးဖို့ အဆင်သင့်ရှိတယ်လို့လည်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
သမ္မတ ဦးဝင်မြင့် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးမှုကိုလည်း ကြိုဆိုကြောင်းနဲ့ အဲဒီလို လုပ်ရပ်တွေ ဆက်လက် လုပ်ဆောင်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ဆိုပါတယ်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက် တိုက်ပွဲတွေ လျော့ကျစေရေး၊ မြန်မာနိုင်ငံရဲ့ လူသားချင်း စာနာထောက်ထားရေး လိုအပ်ချက်တွေနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ ဆွေးနွေးသွားမယ်လို့လည်း သူက ပြောပါတယ်။
မကြာသေးခင်က မြန်မာ စစ်တပ်ရဲ့ လေယာဉ်ပေါ်က ကြဲချတဲ့ ဗုံး ထိုင်းနိုင်ငံဖက်ခြမ်းထဲ ကျရောက် ပေါက်ကွဲမှုနဲ့ ပတ်သက်လို့လည်း နယ်စပ်တလျှောက် တိုက်ခိုက်မှုတွေ အရှိန်လျော့ကျမှုကို ထိုင်းအစိုးရအနေနဲ့ မြင်တွေ့လိုတယ်လို့ သူက ပြောဆိုပါတယ်။
စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်ရေးဟာ အရေးကြီးတဲ့ လမ်းကြောင်း ဖြစ်ပြီး အရင်က စစ်တပ်ခေါင်းဆောင်ပိုင်းကြား အဆင့်မြင့် ခရီးစဉ်တွေရှိခဲ့ကြောင်း နယ်စပ်လုံခြုံရေးကိစ္စကို ပူးတွဲ ဆွေးနွေးသင့်ကြောင့် သူက ပြောပါတယ်။
နှစ်နိုင်ငံ နယ်စပ်မှာ ရေနဲ့ လေထု ညစ်ညမ်းမှု ပြဿနာနဲ့ ပတ်သက်လို့လည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းနဲ့ ကျားဖြန့်လုပ်ငန်းတွေလို နယ်စပ် ဖြတ်ကျော် ရာဇဝတ်မှု တိုက်ဖျက်ရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးကြောင်း ဝန်ကြီး ဆီဟာဆက်က အလေးထား ပြောဆိုပါတယ်။
ဧပြီ ၂၁ ရက် နေပြည်တော် ခရီးစဉ်အတွင်း မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ ဆီဟာဆက်က သူဟာ ရည်ရွယ်ချက် သုံးခုအတွက် နေပြည်တော်သို့ လာရောက်တာ ဖြစ်တယ်လို့ ပြောထားပါတယ်။
Ref:Khasod English

