တိုင်ပေ၊ ဧပြီ ၂၂

အာဖရိကနိုင်ငံတွေ လေပိုင်နက်ပိတ်ထားလိုက်ပြီးနောက် ထိုင်ဝမ်သမ္မတ လိုင်ချင်းတီရဲ့ အက်စ်ဝါတီနီ နိုင်ငံခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။

တရုတ်က သူတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေကို လေပိုင်နက် ပိတ်ထားရေး ဖိအားပေးခဲ့တာကြောင့် အခုလို ခရီးစဉ် ဖျက်သိမ်းရတာ ဖြစ်တယ်လို့ ထိုင်ဝမ် သမ္မတက စွပ်စွဲထားပါတယ်။

တရုတ်က အပြင်းအထန် ဖိအားပေးပြီး စီးပွားရေးအရ အကြပ်ကိုင်မှုကြောင့် ဆေးချဲလ်၊ မောရေးရှ ၊ မာဒါကာစကာနိုင်ငံတို့က သူတို့ရဲ့ လေပိုင်နက်ကနေ သမ္မတ လိုင်ချင်းတီရဲ့ လေယာဉ် ဖြတ်သန်းခွင့်ကို တားမြစ်ခဲ့တာ ဖြစ်တယ်လို့ ထိုင်ဝမ် အရာရှိ တစ်ဦးက ပြောပါတယ်။

အကြပ်ကိုင်တယ်ဆိုတဲ့ ပြောဆိုချက်ကို တရုတ်က ပယ်ချထားပြီး လေပိုင်နက်ပိတ်ထားတဲ့ အာဖရိက သုံးနိုင်ငံကို ကျေးဇူးတင်ကြောင်း ပြောဆိုထားပါတယ်။

လေယာဉ် ဖြတ်သန်း ပျံသန်းခွင့် မရှိတာကြောင့် ထိုင်ဝမ်ခေါင်းဆောင် ခရီးစဉ် ဖျက်သိမ်းခဲ့ရတာဟာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဆွာဇီလန်လို့ အရင်က ခေါ်တဲ့ အက်စ်ဝါတီဟာ အာဖရိကမှာ ထိုင်ဝမ်ရဲ့ တစ်ခုတည်းသော သံတမန်ရေး မဟာမိတ်နိုင်ငံ ဖြစ်ပါတယ်။

အဲဒီ နိုင်ငံဟာ ထိုင်ဝမ်ကို အသိအမှတ်ပြုတဲ့ လက်တင် အမေရိက ဒါမှမဟုတ် ပစိဖိတ်ရှိ နိုင်ငံငယ်လေးတွေ အများကြီး ပါဝင်တဲ့ ၁၂ နိုင်ငံထဲက တစ်နိုင်ငံ ဖြစ်ပါတယ်။

တရုတ်က တရုတ် တစ်ပြည်ထောင်တည်း မူကို စွဲကိုင်ထားပြီး ထိုင်ဝမ်ကို သူတို့ အချုပ်အခြာ အာဏာပိုင်တယ်လို့ ပြောဆိုနေတာ ဖြစ်ပါတယ်။

ဒီမိုကရေစီနည်းနဲ့ ကိုယ်ပိုင် အုပ်ချုပ်နေတဲ့ ထိုင်ဝမ်က တရုတ်ရဲ့ ပြောဆိုချက်ကို ပယ်ချထားပြီး မိမိတို့ အနာဂတ်ကို မိမိတို့ ပြည်သူတွေကပဲ ဆုံးဖြတ်မှာ ဖြစ်ကြောင်း ပြောထား ပါတယ်။

လိုင်ချင်းတီဟာ ပြဿနာဖန်တီးသူ ဖြစ်တယ်လို့ ဘေဂျင်း အစိုးရက အရင်က ပြောဆိုဖူးပြီး သူ့ကို သဘောမကျကြောင်း အရင်ကတည်းက ပြောဆိုထားတာ ဖြစ်ပါတယ်။

ထိုင်ဝမ်ကို နိုင်ငံတကာနဲ့ မဆက်ဆံရအောင် တရုတ်က နည်းလမ်းပေါင်းစုံနဲ့ တရုတ်က တားဆီးနေတာပါ။

ဘယ်လို ခြိမ်းခြောက်မှုမျိုး၊ အကြပ်ကိုင်မှုမျိုးနဲ့မှ ထိုင်ဝမ်နဲ့ နိုင်ငံတကာ ဆက်ဆံရေးကို တားဆီးနိုင်မှာ မဟုတ်ဘူးလို့ လိုင်ချင်းတီက လူမှုမီဒီယာမှာ ရေးပါတယ်။

ထိုင်ဝမ် သမ္မတ မလာရောက်နိုင်တဲ့အတွက် စိတ်မကောင်း ဖြစ်ရပေမယ့် ထိုင်ဝမ်နဲ့ ကာလကြာရှည် တည်ဆောက်ထားတဲ့ သံတမန် ဆက်ဆံရေးကို ပြောင်းလဲမှာ မဟုတ်ကြောင်း အက်စ်ဝါတီနီ အစိုးရက ပြောပါတယ်။

ဘုရင် ဆဝါတီ ၃ ရဲ့ နန်းတက်ပွဲသို့ တက်ရောက်ရေး သမ္မတ လိုင်ချင်းဆီက သွားရောက်ဖို့ ကြိုးပမ်းချိန်မှာ လေယာဉ် ဖြတ်သန်းခွင့် မရှိတာကြောင့် ခရီးစဉ် ဖျက်သိမ်းလိုက်ရတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.