‎ဘန်ကောက်၊ ဧပြီ ၂၃

‎ဖမ်းဆီးထားတဲ့ ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အတွက် ကောင်းတဲ့အရာတွေ လုပ်ပေးဖို့ စဉ်းစားထားတယ်လို့ မင်းအောင်လှိုင်က ပြောကြားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။

‎အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံက သူတို့ကျင်းပတဲ့ အစည်းအဝေးတွေကနေ စစ်ခေါင်းဆောင်တွေကို ၅ နှစ်ကြာ တားမြစ်ထားခဲ့ပြီးနောက် အရပ်ဝတ် စစ်ခေါင်းဆောင်က အာဆီယံနဲ့ ပြန်လည် စေ့စပ်ခွင့်ရရေး ကြိုးပမ်းနေချိန်မှာ အခုလိုမျိုး ပြောဆိုလာတာပါ။

‎အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို စစ်ခေါင်းဆောင် တစ်ဖြစ်လဲ သမ္မတ မင်းအောင်လှိုင်နဲ့ ဆွေးနွေးခဲ့တယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖူအန်ကက်ကွေးက ပြောပါတယ်။

‎ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ ပတ်သက်လို့ အာဆီယံက စိုးရိမ်နေကြောင်း ဆီဟာဆက်က အသိပေးခဲ့ပြီးနောက် သူ့ကို ကောင်းကောင်း စောင့်ရှောက်ထားတယ်လို့ မင်းအောင်လှိုင်က ပြန်လည် အသိပေးခဲ့တယ်လို့ ဆိုပါတယ်။

‎ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းကောင်း စောင့်ရှောက်ထားတယ်လို့ ဆိုတဲ့ မင်းအောင်လှိုင်က အဲဒီထက်ပိုပြီးတော့ တစ်ခုမှ မပြောခဲ့ကြောင်းလည်း ဆီဟာဆက်က ဖြည့်စွက် ပြောပါတယ်။

‎ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ခေါင်းဆောင်တွေက မတရားစွပ်စွဲထားတဲ့ စွဲချက်တွေနဲ့ ထောင် ၂၇ နှစ် ချမှတ်ထားတာ ဖြစ်ပြီး သူ့ကို ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာကို အခုအချိန်အထိ ဘယ်သူမှ မသိရသေးပါဘူး။

‎အသက် ၈၀ အရွယ်ရှိပြီ ဖြစ်တဲ့ မိခင်ဖြစ်သူရဲ့ အသက်အန္တရာယ်ကို စိုးရိမ်မိကြောင်းနဲ အသက်ရှင်လျက်ရှိ နေသေးကြောင်း သက်သေပြပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ထိန်လင်းခေါ် ကင်မ် အဲရစ်က ပြောဆိုထားပါတယ်။

‎ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဉ်းသား တချို့ကို ပြစ်ဒဏ် ကင်းလွတ်ခွင့်ပေးချိန်က ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ် ခြောက်ပုံတစ်ပုံကို လျှော့ချပေးခဲ့ပါတယ်။

‎အာဏာသိမ်းပြီးနောက် အာဆီယံရဲ့ ဖယ်ကျဉ်ခံထားရတဲ့ မင်းအောင်လှိုင်က အာဆီယံဟာ လူမှုမီဒီယာပေါ်က သတင်းအချက်အလက် အမှားတွေကို အခြေခံပြီး မိမိတို့ အပေါ် ပြစ်တင် ရှုတ်ချနေတယ်လို့ ပြောဆိုထားပါတယ်။

‎အာဆီယံကတော့ သူတို့ရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ပြီးမှ အစည်းအဝေးတွေက ပြန်လက်ခံမယ်လို့ ပြောထားပါတယ်။

‎မင်းအောင်လှိုင်က အာဆီယံ အပါအဝင် နိုင်ငံတကာနဲ့ ဆက်ဆံရေး တိုးတက်စေလိုတယ်လို့ မကြာသေးခင်က ပြောကြားတဲ့ မိန့်ခွန်း အတွင်း ပြောဆိုခဲ့တာပါ။

‎အာဆီယံနဲ့ ပြန်လည် စေ့စပ်ရေး မြန်မာက ကြိုးပမ်းရာမှာ ထိုင်းက ကူညီပေးဖို့ အသင့်ရှိတယ်လို့ ဝန်ကြီး ဆီဟာဆက်က ဆိုပါတယ်။

‎ဒါပေမဲ့ အာဆီယံနဲ့ ပြန်လည် စေ့စပ်ရေး အတွက် အဖွဲ့အစည်းရဲ့ စိုးရိမ်မှုတွေကို အရင်ဆုံး ဖြေရှင်းပေးရမှာ ဖြစ်တယ်လို့ ဆီဟာဆက်က မင်းအောင်လှိုင်ကို ပြောခဲ့ပါတယ်။

‎မင်းအောင်လှိုင်က သူတို့အနေနဲ့ ပိုကောင်းတဲ့ ဦးတည်ရာဆီ သွားနေပါတယ်ဆိုတဲ့အကြောင်း ပြသဖို့ ကြိုးစားနေပါတယ်လို့ ဆီဟာဆက်က ပြောဆိုခဲ့ပါတယ်။

‎Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.