ဝါရှင်တန်၊ ဧပြီ ၂၃
အမေရိကန် ရေတပ်ဝန်ကြီး ဂျွန် ဖီလန် ထရန့်အစိုးရ အဖွဲ့ကနေ နုတ်ထွက်မှာ ဖြစ်ကြောင်း အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က ဧပြီ ၂၂ မှာ ကြေညာပါတယ်။
သူ့ရဲ့ ရာထူးကနေ နုတ်ထွက်မှု ချက်ချင်း အသက်ဝင်လာမှာ ဖြစ်ကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ရှောင် ပါနဲလ်က လူမှုမီဒီယာမှာ ဖော်ပြထားပါတယ်။
ရေတပ် လက်ထောက်ဝန်ကြီး ဟန်ကာအိုက ယာယီ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။
နုတ်ထွက်သွားတဲ့ ဝန်ကြီး ဖီလန်ဟာ မကြာသေးခင်လတွေအတွင်း အစိုးရအဖွဲ့က နုတ်ထွက်တဲ့ နောက်ဆုံး ရာထူးအမြင့်ဆုံး စစ်ဖက်ဆိုင်ရာ အရာရှိ ဖြစ်ပါတယ်။
အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့က တိုက်ခိုက်နေပြီး ဟောမု့ဇ် ရေလက်ကြားကို အမေရိကန်က ဆက်လက် ပိတ်ဆို့ထားချိန်မှာ ဖီလန် ရာထူးက နုတ်ထွက်တာ ဖြစ်ပါတယ်။
စစ်မက်ရေးရာဝန်ကြီးနဲ့ စစ်မက်ရေးရာ လက်ထောက်ဝန်ကြီးကိုယ်စား ရေတပ်ဝန်ကြီး ဖီလန်ရဲ့ ဌာနနဲ့ အမေရိကန် ရေတပ်အတွက် တာဝန်ထမ်းဆောင်ပေးခဲ့တာတွေအတွက် မိမိတို့ ကျေးဇူးတင်ကြောင်း ပင်တဂွန် ပြောခွင့်ရ ပါနဲလ်က လူမှုမီဒီယာမှာ ရေးပါတယ်။
မစ္စတာ ဖီလန် ရာထူးကနေ နုတ်ထွက်ရတဲ့ အကြောင်းရင်းကို အမေရိကန် ရေတပ်က ထုတ်ဖော် ပြောဆိုထားတာ မရှိပါဘူး။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ ဟတ်ဆက်ချ်က စစ်ရေး အကြီးအကဲ ရန်ဒီ ဂျော့ချ်ကို ရာထူးကနေ နုတ်ထွက်ခိုင်းခဲ့ပြီးနောက် သီတင်းပတ်ပိုင်းအကြာမှာ ဖီလန် ရာထူးက နုတ်ထွက်တာ ဖြစ်ပါတယ်။
တခြား စစ်တပ် အရာရှိ နှစ်ဦး ဖြစ်တဲ့ ဗိုလ်ချုပ် ဒေးဗစ် ဟော့နီနဲ့ ဗိုလ်မှူးချုပ် ဝီလီယံ ဂရိန်းတို့ကို သူတို့ရဲ့ ရာထူးတွေကနေ ဖယ်ရှားခဲ့ပြီး ဖြစ်ပါတယ်။
ပင်တဂွန်သို့ ရောက်လာပြီး နောက်ပိုင်း ဝန်ကြီး ဟတ်ဆက်ချ်က ရေတပ် စစ်ဆင်ရေး အကြီးအကဲနဲ့ လေတပ် ဒုတိယအကြီးအကဲ အပါအဝင် အကြီးတန်း စစ်ဖက်ဆိုင်ရာ အရာရှိ တစ်ဒါဇင်ကျော်ကို ထုတ်ပယ်ခဲ့ပါတယ်။
အရင်က စစ်တပ်မှာ တာဝန်မထမ်းဆောင်ခဲ့ဖူးတဲ့ အရပ်သား တစ်ဦး ဖြစ်သူ ဖီလန်ကို ရေတပ်ဝန်ကြီးအဖြစ် ၂၀၂၅ ခုနှစ် မတ်လမှာ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
သူ့ကို အဲဒီ ရာထူး အတွက် ၂၀၂၄ ခုနှစ် အတွင်း သမ္မတ ဒေါ်နယ် ထရန့်က အမည်စာရင်း တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
သူ့နေရာမှာ အစားထိုးလိုက်တဲ့ ကာအိုဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာက လက်ထောက်ဝန်ကြီး ဖြစ်လာခဲ့ပြီး သူဟာ အသက် ၂၅ နှစ်ပဲ ရှိသေးတဲ့ ရေတပ် တပ်ဖွဲ့ဝင်ဟောင်း တစ်ဦး ဖြစ်ပါတယ်။
သူဟာ ၂၀၂၄ ခုနှစ် ဗာဂျီးနီးယား ပြည်နယ်လွှတ်တော် အမတ်နေရာအတွက် ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ဖူးပေမယ့် မအောင်မြင် ဖြစ်ခဲ့ပြီး အဲဒီအချိန်က ပြည်နယ် လွှတ်တော်အမတ် တင်မ် ကိန်းကို ရှုံးနိမ့်ခဲ့ပါတယ်။
အီရန် စစ်ပွဲအတွင်း အပစ်ရပ်ထားချိန်မှာ အမေရိကန်က အီရန် ဆိပ်ကမ်းတွေကိုဆက်လက် ပိတ်ဆို့ထားမှာ ဖြစ်ကြောင်း ထရန့်က ပြောထားပြီးနောက် ရေတပ် ခေါင်းဆောင်ပိုင်း နေရာ အပြောင်းအလဲ ဖြစ်လာတာ ဖြစ်ပါတယ်။
ကမ္ဘာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ အမျာစု ဖြတ်သန်းရာ ဟောမု့ဇ် ရေလက်ကြားမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး အဲဒီ ရေလက်ကြားအတွင်း သင်္ဘော နှစ်စီးကို ဖမ်းဆီးထားတယ်လို့ အီရန်က ကြေညာထားပါတယ်။
အီရန် ဆိပ်ကမ်းတွေကို လက်ရှိ ပိတ်ဆို့ထားတဲ့ အခြေအနေနဲ့ ပက်သက်လို့ သမ္မတ အနေနဲ့ကျေနပ် အားရမှုရှိပြီး အီရန် အရမ်းအားနည်းနေပြီလို့ နားလည်ထားကြောင်း အိမ်ဖြူတော် ပြန်ကြားရေးဝန်ကြီး ကယ်ရိုလင်း လီဗေ့က ပြောဆိုထားပါတယ်။
Ref:BBC

