ဝါရှင်တန်၊ ဧပြီ ၂၃

အီရန် စစ်ပွဲ အဆုံးသတ်ရေး အချိန်နဲ့ ပတ်သက်လို့ ဖိအား မရှိဘူးလို့ အမေရိကန် အစိုးရက ပြောလိုက်ပါတယ်။

ဒီအတောအတွင်း သက်တမ်းတိုးထားတဲ့ အပစ်အခတ်ရပ်စဲမှုအတွက် သမ္မတ ဒေါ်နယ်ထရန့်က နောက်ဆုံး သတ်မှတ်ရက် အသစ် သတ်မှတ်ထားတာ မရှိဘူးလို့ အိမ်ဖြူတော်က ဆိုပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို အမေရိကန်နဲ့ အစ္စရေးတို့က ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာကြောင့် ဟောမု့ဇ် ရေလက်ကြားကို ပြန်ဖွင့်ဖို့ မဖြစ်နိုင်ဘူးလို့ အီရန် ညှိနှိုင်းရေးမှူး မိုဟာမက် ဂါလီဘက်က ပြောပါတယ်။

အီရန် သမ္မတ မာဆောက် ပီဇက်ခီယန်ကတော့ အမေရိကန်ရဲ့ ပိတ်ဆို့ထားမှုနဲ့ ကတိတွေ ချိုးဖောက်မှုတွေဟာ ညှိနှိုင်းရေးအတွက် အဓိက အတားအဆီးတွေ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ အဓိက သယ်ဆောင်တာ လမ်းကြောင်း တစ်ခု ဖြစ်တဲ့ အဲဒီ ရေလမ်းကြောင်းကို ပြန်ဖွင့်မှာ မဟုတ်ဘူးလို့ အီရန်က အလေးထား ပြောထားချိန်မှာ နှစ်နိုင်ငံစလုံးဟာ ရှေ့တိုးမရ၊ နောက်ဆုတ်မရ အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ကြောင်း မြောက်အမေရိကဆိုင်ရာ ဘီဘီစီ သတင်းထောက်က ရေးသားထားပါတယ်။

ဒီအတောအတွင်း ဟောမု့ဇ် ရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးစားတဲ့ ကုန်တင်သင်္ဘော သုံးစီးကို အီရန်က တိုက်ခိုက်ခဲ့ပြီး အဲဒီ သင်္ဘောတွေထဲက နှစ်စီးရဲ့ သင်္ဘောသားတွေကို ထိန်းသိမ်းထားပါတယ်။

အမေရိကန်ကလည်း အာရှရေပြင်ရှိ အီရန် သင်္ဘော သုံးစီးကို ကြားဖြတ်တားဆီးထားကြောင်း ကနဦး သတင်းတွေမှာ ဖော်ပြထားပါတယ်။

ပါကစ္စတန်နိုင်ငံ အစ္စလာမာဘက်မြို့မှာ ပထမအကျော့ ဆွေးနွေးမှုများ မအောင်မြင် ဖြစ်ခဲ့ပြီးနောက် အမေရိကန်ဟာ လွတ်ကဲတဲ့၊ ဥပဒေနဲ့ မညီတဲ့ တောင်းဆိုမှုတွေ ပြုလုပ်နေတယ်လို့ အီရန်က စွပ်စွဲပါတယ်။

နှစ်နိုင်ငံကြား နောက်တစ်ကျော့ ဆွေးနွေးရေး မရေရာ မသေချာ ဖြစ်နေချိန်မှာ အမေရိကန်က အီရန် ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားပြီး အီရန်ကလည်း ဟောမု့ဇ် ရေလက်ကြားကို ဆက်လက် ပိတ်ဆို့ထားပါတယ်။

အဲဒီ ရေလက်ကြား ပိတ်ဆို့ထားတဲ့အချိန်မှာ ကမ္ဘာ့ရေနံဈေး တစ်စည်ကို ဒေါ်လာ ၁၀၀ ကျော်အထိ မြင့်တက်လာနေပြီး ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်မှုနဲ့ ကြုံတွေ့ရခါနီးနေပြီ ဖြစ်ကြောင်း စီးပွားရေးပညာရှင်တွေက သတိပေးပါတယ်။

ဒီအတောအတွင်း တူရကီ သမ္မတ အာဒိုဂန်က အီရန် စစ်ပွဲကြောင့် ဥရောပ စတင် အားနည်းလာရပြီ ဖြစ်ကြောင်း ဂျာမနီ သမ္မတ ဖရန့် ဝေါ်လ်ကာ စတိန်မီယာနဲ့ ဖုန်းခေါ်ဆိုမှု အတွင်း ပြောကြားခဲ့တာပါ။

အီရန် ဆိပ်ကမ်းတွေကို စတင် ပိတ်ဆို့ပြီးနောက် ပြန်လှည့်ခိုင်းခဲ့တဲ့ ဒါမှမဟုတ် ဆိပ်ကမ်းတွေဆီ ပြန်သွားခိုင်းခဲ့တဲ့ သင်္ဘော ၃၁ စီးရှိပြီလို့ အမေရိကန်က ပြောထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.