ဝါရှင်တန်၊ ဧပြီ ၂၄

အိမ်ဖြူတော်မှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အစ္စရေး-လက်ဘနွန် အပစ်အခတ်ရပ်စဲမှု သီတင်းသုံးပတ် သက်တမ်းတိုးလိုက်ပြီ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။

ဒါပေမဲ့ ရေရှည် ငြိမ်းချမ်းရေး သဘောတူညီမှုဟာ အလှမ်းကျယ်ဝန်းပြီး ဟစ်ဇဘိုလာအဖွဲ့ငကို လက်နက် ဖြုတ်သိမ်းရေး ဝါရှင်တန်ဆီက အကူအညီတွေ အများကြီး ပိုလိုအပ်မှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနဆိုင်ရာ ဘီဘီစီ သတင်းထောက်က ရေးပါတယ်။

အီရန်ရဲ့ မြို့ပြစနစ်ကို ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်လို့ စောစောပိုင်းက ဘီဘီစီက မေးမြန်းရာမှာ ထရန့်က သူဘာပဲလုပ်လုပ် အရမ်းကောင်းကောင်းကြီး အလုပ်ဖြစ်ပုံပေါ်တယ်လို့ ပြောပါတယ်။

နောက်ပိုင်း ဘဲဥပုံရုံးခန်းမှာ သတင်းထောက်တွေကို ပြောကြားရာမှာတော့ ထရန့်က အီရန်နဲ့ သဘောတူညီမှု ရယူချိန်မှာ မိမိအနေနဲ့ အလျင်စလို မဖြစ်စေလိုဘူးလို့ ဆိုပါတယ်။

ဒီအတောအတွင်း အိန္ဒိယသမုဒ္ဒရာမှာ အီရန် ရေနံတွေ တင်ဆောင်လာတဲ့ သင်္ဘော တစ်စီးပေါ်သို့ အမေရိကန် တပ်ဖွဲ့တွေ တက်ရောက် စစ်ဆေးခဲ့တယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။

ထရန့်ကတော့ ဟောမု့ဇ် ရေလက်ကြားကို အမေရိကန်က လုံးဝ ထိန်းချုပ်ထားလိုက်ပြီလို့ ပြောဆိုထားပါတယ်။

အီရန် ခေါင်းဆောင်ပိုင်း အချင်းချင်း တိုက်ခိုက်နေကြပြီလို့ ထရန့်က ပြောကြားပြီးနောက် အီရန်မှာ ထိပ်တန်းပုဂ္ဂိုလ်တွေက သံမဏိလို ခိုင်မာစွာ စည်းလုံးကြဖို့ ပြောဆိုနေကြပါတယ်။

အီရန်မှာ အမေရိကန်နဲ့ ဆွေးနွေးသင့်တယ်ဆိုတဲ့ အုပ်စုနဲ့ လုံးဝ အညံ့မခံဘဲ ပြန်လည် တိုက်ခိုက်သင့်တယ်ဆိုတဲ့ သဘောထားတင်းမာသူ အုပ်စုဆိုပြီး အုပ်စုကွဲနေတယ်လို့ သိရပါတယ်။

အစ္စရေး ကာကွယ်ရေးဝန်ကြီးက အမေရိကန်က မီးစိမ်းပြရင် အီရန်ကို ထပ်မံ တိုက်ခိုက်ဖို့ ကြိုတင်ပြင်ဆင်ထားပြီး အီရန်ကို မှောင်မိုက်တဲ့ ကျောက်ခေတ်သို့ ရောက်သွားအောင် လုပ်ဆောင်ပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အစ္စရေးနဲ့ လက်ဘနွန် အပစ်အခတ်ရပ်စဲမှု သက်တမ်း တိုးလိုက်ပေမယ့် ရေနံဈေး ပြန်ကျမလာခဲ့ပါဘူး။

ကမ္ဘာ့ရေနံဈေး ဝ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဧပြီ ၂၄ ရက် မနက်ပိုင်းက ရေနံစိမ်း တစ်စည်ကို ၁၀၅ ဒသမ ၈ ဒေါ်လာအထိ မြင့်တက်ခဲ့ပါတယ်။

အစ္စရေးနဲ့ လက်ဘနွန်ကြား တိုက်ခိုက်မှုတွေကြောင့် အမေရိကန်-အီရန် အပစ်အခတ် ရပ်စဲမှုကို လမ်းချော်သွားစေနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

ထရန့်က အီရန်နဲ့ သဘောတူညီမှု ရရှိတဲ့ အချိန်အထိ အပစ်အခတ်ရပ်စဲထားမှာ ဖြစ်ကြောင်းနဲ့ အီရန် စစ်ပွဲ အဆုံးသတ်ရေး အချိန် သတ်မှတ်ထားတာ မရှိဘူးလို့ ပြောထား ပါတယ်။

ဒီအတောအတွင်း ဟောမု့ဇ် ရေလက်ကြားကို သင်္ဘော အများစု မဖြတ်သန်းနိုင် ဖြစ်နေတာကြောင့် ကမ္ဘာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထောက်ပံ့မှုတွေ အနှောင့်အယှက် ဖြစ်နေရပါတယ်။

လက်ဘနွန်ရှိ အီရန်ထောက်ပံ့ထားတဲ့ ဟစ်ဇဘိုလာ အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲမှုဟာ ရာနှုန်းပြည့် မသေချာဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အစ္စရေး သံအမတ်ကြီးက ပြောပါတယ်။

ဟစ်ဇဘိုလာ အဖွဲ့ကို လက်ဘနွန် အစိုးရက ထိန်းချုပ်ထားတာ မဟုတ်တဲ့အတွက် အခုလို မသေချာ ဖြစ်ရတာ ဖြစ်တယ်လို့ အစ္စရေး သံအမတ်ကြီး ဒန်နီ ဒန်နွမ်က ပြောပါတယ်။

ဒီလို အချိန်မှာပဲ လက်ဘနွန်က ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေကို ကြားဖြတ် တားဆီးခဲ့ရတယ်လို့ အစ္စရေးက ပြောထားပါတယ်။
Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.