နယူးယောက်၊ ဧပြီ ၂၄
Facebook ရဲ့ မိခင်ကုမ္ပဏီ Meta က ဉာဏ်ရည်တု နည်းပညာ AI အတွက် ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ပြုလုပ်နေချိန် လုပ်သားအင်အား ဆယ်ပုံ တစ်ပုံကို လျှော့ချပြီး သူတို့ရဲ့ လက်ကျန် လုပ်သား အင်အားဆီက ထုတ်လုပ်မှု အားပိုကောင်းလာစေဖို့ မျှော်လင့်ထားပါတယ်။
Meta က လာမယ့်လမှာ အလုပ်သမား ၈၀၀၀ လောက် လျှော့ချမှာ ဖြစ်ပြီး တခြား အလုပ်နေရာ ထောင်ပေါင်းများစွာကို လူမဖြည့်ဘဲ ထားမှာ ဖြစ်ကြောင်း သတင်းရင်းမြစ် တစ်ခုက AFP သတင်းဌာနကို ပြောပါတယ်။
ကုမ္ပဏီ ပူးတွဲတည်ထောင်သူ၊ အမှုဆောင်အရာရှိချုပ် မက်ဇူကာဘက်က Amazon၊ Google၊ Microsoft နဲ့ OpenAI တို့ အပါအဝင် ပြိုင်ဖက်တွေနဲ့ ကုန်ကျစရိတ်များလှတဲ့ AI ယှဉ်ပြိုင်မှုအတွင်း သာလွန်တဲ့ ဉာဏ်ရည်တု နည်းပညာ တီထွင်နိုင်ရေး ဦးစားပေး ဆောင်ရွက်နေချိန်မှာ အခုလို လုပ်ရပ်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဧပြီ ၂၃ ရက် သတင်းတွေမှာတော့ Microsoft ကလည်း အမေရိကန် အလုပ်သမား တချို့ကို နစ်နာကြေးတွေ ပေးပြီး သူတို့ရဲ့ လုပ်သား အင်အားကို လျှော့ချဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒါဟာ ၁၉၇၅ ခုနှစ်က တည်ထောင်ခဲ့တဲ့ နည်းပညာလုပ်ငန်းကြီးရဲ့ မကြုံစဖူး လုပ်ရပ် တစ်ခု ဖြစ်ပါတယ်။
AI နည်းပညာအတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားတဲ့ Microsoft က အဲဒီသတင်းနဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ ငြင်းဆိုထားပါတယ်။
Meta နဲ့ Microsoft ကုမ္ပဏီ နှစ်ခုစလုံးက သူတို့ရဲ့ သုံးလပတ် ဝင်ငွေစာရင်းတွေကို လာမယ့် သီတင်းပတ်မှာ ကြေညာဖို့ ရှိနေပါတယ်။
Meta ကုမ္ပဏီဟာ AI နည်းပညာမှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ ဝင်ငွေ ပိုများလာပြီး ဇန်နဝါရီလက သုံးလပတ် ဝင်ငွေဟာ ဈေးကွက် မျှော်မှန်းချက်တွေထက် ကျော်လွန် ရရှိခဲ့တာ ဖြစ်ပါတယ်။
ဉာဏ်ရည်တု နည်းပညာ AI ကြောင့် အလုပ်သမားတွေ အများကြီး အလုပ်ထုတ် ခံလာရနိုင်ပြီး နည်းပညာ ဖွံ့ဖြိုးလာတာနဲ့ အမျှ အလုပ်ထုတ်ခံရတဲ့ လူအရေအတွက် ပိုများလာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။
ဒီအတောအတွင်း Meta ရဲ့ အသုံးစရိတ်ဟာ ကန်ဒေါ်လာ ၃၅ ဒသမ ၁၅ ဘီလီယံအထိ ရှိလာခဲ့ပြီး ယမန်နှစ် ကာလတူက အသုံးစရိတ်ထက် ၄၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ကုမ္ပဏီရဲ့ အစီရင်ခံချက်မှာ ဖော်ပြထားပါတယ်။
AI နည်းပညာအတွက် စွမ်းအင်ပေးမယ့် ဒေတာ စင်တာတွေလို အခြေခံ အဆောက်အဦတွေ အပါအဝင် အဲဒီ သုံးလပတ် ကာလအတွင်း အလုံးအရင်းနဲ့ သုံးငွေ ပမာဏဟာ ကန်ဒေါ်လာ ၂၂ ဒသမ ၁၄ ဘီလီယံရှိကြောင်း Meta ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အခု ဘဏ္ဍာရေး နှစ်အတွက် အလုံးအရင်းနဲ့ သုံးငွေ ပမာဏဟာ ကန်ဒေါ်လာ ၁၁၅ ဘီလီယံကနေ ၁၃၅ ဘီလီယံ အထိ ရှိမယ်လို့ Meta က မျှော်လင့်ထားပါတယ်။
Meta က သူတို့ရဲ့ စူပါဉာဏ်ရည်တု စမ်းသပ်ခန်းတွေနဲ့ သူတို့ရဲ့ ပင်မ လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုများလာတာကြောင့်လည်း အသုံးစရိတ် ပိုများလာတာ ဖြစ်ပါတယ်။
၂၀၂၆ အတွင်း ကမ္ဘာတဝှမ်းရှိ လူတွေအတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ စူပါဉာဏ်ရည်တု နည်းပညာ အဆင့် မြင့်တက်လာစေဖို့ မျှော်လင့်ထားတယ်လို့ ဇူကာဘက်က ပြောထားပါတယ်။
Ref:AFP

