မနီလာ၊ ဧပြီ ၂၄

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နောက်ထပ် အကျဉ်းသားတွေ လွှတ်ပေးဖို့ အာဆီယံ ဥက္ကဋ္ဌ ဖိလစ်ပိုင်က ဧပြီ ၂၄ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

သမ္မတ ဦးဝင်မြင့် အပါအဝင် မကြာသေးခင်က အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပြုတာဟာ အားလုံးပါဝင်တဲ့ အမျိုးသား ဆွေးနွေးပွဲ ဖြစ်လာစေမယ့် အပြုသဘောဆောင်တဲ့ ခြေလှမ်း ဖြစ်တယ်လို့လည်း ဖိလစ်ပိုင်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ပြဿနာအတွက် ငြိမ်းချမ်းပြီး တာရှည်ခံတဲ့ ဖြေရှင်းချက် တစ်ရပ် ရရှိစေရေး အာဆီယံရဲ့ ခွဲထုတ်မရတဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ မြန်မာနိုင်ငံကို ကူညီသွားမယ်ဆိုတ ထပ်လောင်း ကတိပြုကြောင်းလည်း အဖွဲ့ဝင် ၁၁ နိုင်ငံ ပါဝင်တဲ့ အာဆီယံအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖိလစ်ပိုင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထားပြီး သူ့ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ အခုသီတင်းပတ် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆီဟာဆက်ရဲ့ နေပြည်တော် ခရီးစဉ်အတွင်း စစ်ခေါင်းဆောင် တစ်ဖြစ်လဲ သမ္မတသစ် မင်းအောင်လှိုင်နဲ့ ဆွေးနွေးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ဒီအတောအတွင်း ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးကြောင်း သက်သေပြဖို့ သူ့ရဲ့ သား ထိန်လင်း ခေါ် ကင်မ် အဲရစ် ဦးဆောင်တဲ့ လှုပ်ရှားမှု တစ်ခုမှာလည်း လူအများ ပါဝင်နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ဖမ်းဆီးထားကြောင်း စစ်တပ်က ထုတ်ဖော်ပြောဆိုထားတာ မရှိသလို သူ့ကို ရှေ့နေတွေ မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့် မပေးဘဲ ထားထားပါတယ်။

၂၀၂၁ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းကောင်း စောင်ရှောက်ထားပြီး သူ့အတွက် ကောင်းမွန်တဲ့ အရာတွေ လုပ်ပေးဖို့ စဉ်းစားထားတယ်လို့ ပြောလိုက်ကြောင်း ဝန်ကြီး ဆီဟာဆက်က ပြောပါတယ်။

သူ့ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ အာဆီယံရဲ့ စိုးရိမ်မှုတွေကို မင်းအောင်လှိုင်ဆီ တဆင့် ပြန်ပြောပြခဲ့တယ်လို့ ဝန်ကြီး ဆီဟာဆက်က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင်တွေက မဟုတ်မမှန်စွဲချက် အမျိုးမျိုးနဲ့ ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က လွတ်ငြိမ်းချမ်းသာခွင့် ပေးချိန်မှာ သူ့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို ခြောက်ပုံ တစ်ပုံ လျှော့ချပေးခဲ့ပါတယ်။

မင်းအောင်လှိုင်အနေနဲ့ အာဆီယံနဲ့ ပြန်လည် စေ့စပ်လိုတယ်ဆိုရင် အာဆီယံရဲ့ စိုးရိမ်မှုတွေကို ဦးစွာ ဖြေရှင်းပေးရမှာ ဖြစ်တယ်လို့ ဝန်ကြီး ဆီဟာဆက်က နေပြည်တော် ခရီးစဉ် အတွင်း ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံကို အာဆီယံမှာ ပြန်လည် ပါဝင်ခွင့်ရရှိရေး ကူညီပေးဖို့ ထိုင်းအနေနဲ့ အသင့်ရှိကြောင်းလည်း ဝန်ကြီး ဆီဟာဆက်က ပြောထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.