ဘန်ကောက် ဧပြီ ၂၂
ထိုင်းဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး အနုတင် ချန်ဝီရာကောက ထိုင်း-မြန်မာနယ်စပ်မှာ နေထိုင်တဲ့ ထိုင်း ပြည်သူတွေရဲ့ အခြေအနေကို စိုးရိမ်နေပြီး မြန်မာနိုင်ငံဘက်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေက ထိုင်းနိုင်ငံဘက်ကို မထိခိုက်စေသင့်ဘူးလို့ ဧပြီ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနမှာ ထိုင်းဝန်ကြီးချုပ်ရဲ့ ပြောကြားချက်ထဲ နယ်စပ်လုံခြုံရေးအတွက် ညွှန်ကြားချက်တွေ ထုတ်ထားကြောင်း၊ မြန်မာဘက်မှာ ဖြစ်နေတဲ့ အခြေအနေကို ဘက်ပေါင်းစုံက စိုးရိမ်နေတယ်လို့ ဆိုပါတယ်။
ထိုင်းပိုင်နက်ထဲကို ပေါက်ကွဲစေတဲ့ လက်နက်အစိတ်အပိုင်းတွေ ကျလာတာကြောင့် ဒေသခံတွေ ထိခိုက်မှုရှိမလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့တော့ အာဏာပိုင်တွေက လိုအပ်သလို ဆောင်ရွက်နေပြီး နိုင်ငံတကာဆက်ဆံရေးနဲ့ ပြည်သူ့ လုံခြုံရေးကိစ္စတွေကိုပါ အာရုံစိုက်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
မြန်မာဘက်ကလည်း ဒီဖြစ်စဉ်တွေဟာ သူတို့ရဲ့ ပြည်တွင်းတိုက်ပွဲတွေကြောင့် ဖြစ်တာသာ ဖြစ်ပြီး ထိုင်းပိုင်နက်ကို တမင် ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်တာ မဟုတ်ဘူးလို့ အတည်ပြုထားကြောင်း သူက ပြောပါတယ်။
“ဒီလိုမျိုးကို ကျွန်တော်တို့ လက်မခံနိုင်ဘူး။ တိုက်ပွဲဖြစ်ရင် သူတို့ဘက်ထဲမှာပဲ ဖြစ်ရမယ်။ ကျွန်တော်တို့နိုင်ငံကို မထိခိုက်ရဘူး” လို့ ဝန်ကြီးချုပ် အနုတင်က ဆိုပါတယ်။
တစ်ဖက်မှာတော့ ဧပြီ ၂၀ ရက်နေ့ မနက် ၁၁ နာရီခန့်မှာ အာဏာသိမ်း စစ်လေတပ်က Yak-130 နဲ့ MiG-29 တိုက်လေယာဉ်တွေ အသုံးပြုပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ဆေးရုံနားနဲ့ အနီးရှိ လူနေအိမ်တွေကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ အဲဒီနေရာဟာ ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ ဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ်နဲ့ မီတာ ၅၀၀ လောက်ပဲ ကွာဝေးပါတယ်။
ပစ်ချလိုက်တဲ့ ဗုံးတစ်လုံးက သံလွင်မြစ်နား ထိုင်းဘက်ရှိ ဘန်မဲ့ဝမ်ရွာဘက်ထဲကို ကျသွားခဲ့ပြီး ဒေသခံတွေကြားမှာ ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒေသခံတွေကလည်း လုံခြုံရေးအတွက် အမြန်ဆုံး ထွက်ပြေးရှောင်ရှားခဲ့ကြပါတယ်။
Ref:khaosodenglish

