ဒါကာ၊ ဧပြီ ၂၁

အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ လောင်စာပြတ်လပ်မှု အတွင်း အလျင်အမြန် တိုးတက်မှု မရှိရင် ဖုန်းလိုင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ပိတ်လိုက်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဘင်္ဂလားဒေ့ချ် ဖုန်းအော်ပရေတာတွေက ဧပြီ ၂၀ ရက်က ပြောလိုက်ပါတယ်။

လူဦးရေ သန်း ၁၇၀ ရှိတဲ့ ဘင်္ဂလားဒေ့ချ်ဟာ သူတို့အတွက် လိုအပ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ၉၅ ရာခိုင်နှုန်းကို ပြည်ပက တင်သွင်းနေတာ ဖြစ်ပါတယ်။

လိုအပ်တဲ့ လောင်စာတွေကို အရှေ့အလယ်ပိုင်းဆီက အဓိက တင်သွင်းနေတာ ဖြစ်ပြီး လောင်စာ ပြတ်လပ်မှုကြောင့် ထိခိုက်မှုတွေ ပြင်းထန်ပြီး ဓာတ်ဆီဆိုင်တွေမှာ ၁၂ နာရီလောက်ကြာတဲ့အထိ တန်းစီ စောင့်ဆိုင်းနေကြရပါတယ်။

ဘင်္ဂလားဒေ့ချ် မိုဘိုင်းဖုန်း အော်ပရေတာများ အဖွဲ့အစည်း (AMTOB) က လက်ရှိ အခြေအနေတွေ ဆက်လက် ရှည်ကြာနေမယ်ဆိုရင် နိုင်ငံတဝှမ်း ဒေသတော်တော်များများမှာ ဖုန်းလိုင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ပိတ်ထားရတော့မှာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ချ် ဆက်သွယ်ရေး အာဏာပိုင်တွေဆီ စာရေးသား သတိပေးထားပါတယ်။

လောင်စာ ပြတ်တောက်မှုကြောင့် ဆက်သွယ်ရေး လိုင်းတွေအပေါ် သက်ရောက်မှုတွေကို စတင်ခံစားနေရပြီ ဖြစ်ကြောင်း AMTOB က ပြောပါတယ်။

အရန် ဓာတ်အားပေး စနစ်တွေအတွက် သေချာတဲ့ လောင်စာ ထောက်ပံ့မှု မရှိတာ၊ စီးပွားရေး လုပ်ငန်းတွေအတွက် ပေးတဲ့ စွမ်းအင် ပြတ်လပ်မှု ရှည်ကြာနေလို့ ဖုန်းလိုင်း ဝန်ဆောင်မှု ပေးတဲ့ လုပ်ငန်းတွေအပေါ် ဖိအားတွေ အများကြီး ရှိလာနေပြီ ဖြစ်တယ်လို့ AMTOB က ပြောပါတယ်။

မိုဘိုင်းဖုန်း ဒေတာ စင်တာတွေဟာ တစ်နာရီကို ဒီဇယ် လီတာ ၅၀၀ ကနေ ၆၀၀ အထိ သုံးရပြီး တစ်ရက်ကို လီတာ ၄၀၀၀ နီးပါး ကုန်တာကြောင့် ဒေသတွင်း ဆီဆိုင်တွေက မထောက်ပံ့နိုင် ဖြစ်နေတယ်လို့ သိရပါတယ်။

မိုဘိုင်းဖုန်းလိုင်းတွေ ပိတ်လိုက်ရပြီဆိုတာနဲ့ အင်တာနက် လိုင်းအပါအဝင် တခြား ဆက်သွယ်ရေး ကွန်ရက်တွေလည်း ပိတ်သွားတော့မှာ ဖြစ်ပါတယ်။

အစိုးရက လောင်စာဈေးနှုန်းကို ဧပြီ ၁၈ ရက်က ၁၅ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပြီး အင်တာနက် ဝန်ဆောင်မှု ပေးသူတွေမှာလည်း အရန်လောင်စာတွေ အန္တရာယ်ရှိလောက်တဲ့ အခြေအနေအထိ နည်းပါးနေပြီ ဖြစ်ကြောင်း သိရပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ပြဿနာကြောင့် လောင်စာဈေးနှုန်း တိုးမြှင့်ရတာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ချ် စွမ်းအင်ဝန်ကြီး အီခဘဲလ် ဟာဆန် မာမွတ်က သတင်းထောက်တွေကို ပြောဆိုထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.