အစ္စလာမာဘတ်၊ ဧပြီ ၂၁

ဆူဒန်သို့ လက်နက်တွေနဲ့ တိုက်လေယာဉ်တွေ ထောက်ပံ့မယ့် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ သဘောတူညီမှုကို ဖျက်သိမ်းရေး ဆော်ဒီအာရေးဗီးယားက တောင်းဆိုခဲ့ပြီးနောက် ပါကစ္စတန်က ရပ်ဆိုင်းထားလိုက်ကြောင်း ပါကစ္စတန် လုံခြုံရေး သတင်းရင်းမြစ် နှစ်ဦးနဲ့ သံတမန် သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

ဆူဒန်ရဲ့ လက်နက် ဝယ်ယူမှုအတွက် ငွေကြေးထောက်ပံ့မှာ မဟုတ်ဘူးလို့လည်း ဆော်ဒီအာရေးဗီးယားက အသိပေးထားပါတယ်။

ဆူဒန် စစ်တပ်နဲ့ အလျင်မြန် ကူညီရေး လက်နက်ကိုင်တပ်ဖွဲ့ RSF တို့ကြား တိုက်ခိုက်မှုတွေကြောင့် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားရေး ပြဿနာ ဖြစ်နေတာ သုံးနှစ်နီးပါး ကြာပြီ ဖြစ်ပါတယ်။

ဆူဒန်ဟာ ပြည်ပ အကျိုးစီးပွား ယှဉ်ပြိုင်ရာနေရာ ဖြစ်လာပြီး ပင်လယ်နီရှိ ရွှေအဓိက ထွက်တဲ့ ဆူဒန်နိုင်ငံ ပြိုကွဲသွားနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။

ဆူဒန်နဲ့ ပါကစ္စတန်ကြား သဘောတူညီမှု တစ်ရပ် ရရှိရေး နောက်ဆုံး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းနဲ့ ဆော်ဒီအာရေးဗီးယားက ကြားဝင် ညှိနှိုင်းပေးနေတာ ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနက ဇန်နဝါရီလက ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ရီးယာ့ဒ် အစိုးရက ဘဏ္ဍာငွေ ထောက်ပံ့မယ်ဆိုတဲ့ ပြောဆိုချက်ကို အဲဒီအချိန်က မဖော်ပြခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ် မေလက အိန္ဒိယနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအပြီး ပါကစ္စတန် တိုက်လေယာဉ်တွေနဲ့ လက်နက် စနစ်တွေ ထင်ရှားကျော်ကြားလာခဲ့ပြီးနောက် ပါကစ္စတန် စစ်တပ်က ညှိနှိုင်းနေတဲ့ ကာကွယ်ရေးပစ္စည်း ရောင်းချမယ့် အစီအစဉ်အများအပြားမှာ ဆူဒန်နဲ့ သဘောတူညီမှုလည်း ပါဝင်ပါတယ်။

ဆော်ဒီအာရေးဗီးယားဟာ ပါကစ္စတန်ရဲ့ အရင်းနီးဆုံး မဟာမိတ်တွေထဲက တစ်နိုင်ငံ ဖြစ်ပြီး အစ္စလာမ်မာဘက်ရဲ့ ဆုတ်ယုတ်နေတဲ့ စီးပွားရေး အတွက်ဘဏ္ဍာရေး ထောက်ပံ့ပေးနေတဲ့ အရေးပါတဲ့ ချေးငွေတွေ ထုတ်ပေးနေတဲ့ အရင်းအမြစ် ဖြစ်ပါတယ်။

မိမိတို့ တစ်နိုင်ငံငံကို ရန်စ တိုက်ခိုက်လာရင် နှစ်နိုင်ငံစလုံးကို တိုက်ခိုက်မှု အဖြစ် ယူဆမယ်ဆိုတဲ့ ကာကွယ်ရေး သဘောတူညီမှု တစ်ရပ်ပြီးခဲ့တဲ့နှစ်က လက်မှတ်ရေးထိုးခဲ့ပြီးနောက် နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမို နက်ရှိုင်းလာခဲ့ပါတယ်။

ဆူဒန် လက်နက် ဝယ်ယူမယ့် သဘောတူညီချက် အတွက် ငွေကြေးထောက်ပံ့မယ့် အစီအစဉ်ကို ဆော်ဒီအာရေးဗီးယားက ရုတ်သိမ်းလိုက်ပြီးနောက် သဘောတူညီမှု အဆုံးသတ်ဖို့ ပါကစ္စတန်ကို အချက်ပြလိုက်တာ ဖြစ်တယ်လို့ လုံခြုံရေး သတင်းရင်းမြစ် တစ်ခုက ပြောပါတယ်။

ဆော်ဒီ အာရေးဗီးယား အစိုးရ မီဒီယာရုံးက မှတ်ချက် မပေးသလို စစ်တပ်ကလည်း တုံ့ပြန်မှု မရှိပါဘူး။

ရိုက်တာ သတင်းဌာနရဲ့ ဆက်သွယ်မှုကို ဆူဒန် စစ်တပ်ကလည်း တုန့်ပြန်မှု မရှိပါဘူး။

အာဖရိကရှိ ကိုယ်စားစစ်ပွဲတွေနဲ့ ဝေးဝေးနေဖို့ ရီယာ့ဒ် အစိုးရကို အနောက်နိုင်ငံ တချို့က အကြံပေးထားကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆူဒန် အပါအဝင် ဒေသတဝှမ်းရှိ ပဋိပက္ခ ဖြစ်နေတဲ့ နိုင်ငံတွေမှာ ဆန့်ကျင်ဖက် အုပ်စုတွေကို ဆော်ဒီ အာရေးဗီးယားနဲ့ ယူအေအီးတို့က ထောက်ပံ့ ကူညီပေးနေပါတယ်။

ဆူဒန်မှာ တိုက်ခိုက်နေတဲ့ နှစ်ဖက်စလုံးက ပဋိပက္ခကို သံတမန်နည်းနဲ့ ဖြေရှင်းလိုတယ်လို့ ပြောထားချိန်မှာ ဆော်ဒီအာရေးဗီးယားက ဆူဒန်စစ်တပ်ကို လေးပေးနေပြီး ယူအေအီးက RSF အတွက် ပို့ဆောင်ရေး အကူအညီ ပေးနေတယ်လို့ စွပ်စွဲခံထားရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.