ဝါရှင်တန်၊ ဧပြီ ၂၁
တီဟီရန်နဲ့ သဘောတူညီမှု တစ်ရပ် မရခင်အထိ အီရန် ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားမှု ရုတ်သိမ်းပေးမှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။
စစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးမှု အသစ်တွေ ပြုလုပ်ဖြစ်မှာလားဆိုတာနဲ့ ပတ်သက်လို့ မသေချာမရေရာမှုတွေ ဆက်ရှိနေချိန် ထရန့်က အခုလိုမျိုး ပြောဆိုလာတာပါ။
ပြီးခဲ့တဲ့ သီတင်းတစ်ပတ်က စတင်ခဲ့တဲ့ အဲဒီ ပိတ်ဆို့မှုကြောင့် အီရန်ကို လုံးဝ ထိခိုက်ပျက်စီးစေကြောင်းနဲ့ စစ်ပွဲမှာ သူ့နိုင်ငံ အများကြီး အနိုင်ရနေကြောင်း ထရန့်က သူ့ရဲ့ လူမှုမီဒီယာ Truth Social မှာ ရေးပါတယ်။
အမေရိကန်-အီရန် ယာယီ အပစ်အခတ်ရပ်စဲမှု ဧပြီ ၂၂ ရက်မှာ အဆုံးသတ်တော့မယ့် အချိန် ထရန့်ရဲ့ အခုလို ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ပါကစ္စတန်မှာ ကျင်းပမယ်ဆိုတဲ့ ဒုတိယအကျော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပဖြစ်မလားဆိုတာကလည်း မသေချာ မရေရာ ဖြစ်နေဆဲ ဖြစ်ပါတယ်။
တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပါကစ္စတန်မြို့တော်မှာ လုံခြုံရေး တင်းကြပ်ထားပါတယ်။
ဒါပေမဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်မယ့် အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်ဇ် ဝါရှင်တန်က ထွက်ခွာမှု မရှိသေးဘဲ အီရန်ကလည်း တက်ရောက်မယ်၊ မတက်ရောက်ဘူးဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ ပြောထား ပါတယ်။
ပိတ်ဆို့မှု စတင်ပြီးနောက်ပိုင်း အမေရိကန် တပ်ဖွဲ့တွေက သင်္ဘော ၂၇ စီးကို ပြန်ကွေ့ဖို့ ဒါမှမဟုတ် အီရန် ဆိပ်ကမ်းတွေဆီ ပြန်သွားဖို့ ညွှန်ကြားခဲ့တယ်လို့ အမေရိကန် ဗဟို ကွပ်ကွဲရေးဌာန (Centcom) ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ပဋိပက္ခအတွင်း ပထမဆုံးအကြိမ်အနေနဲ့ အမေရိကန်က အီရန် အလံစိုက်ထူထားတဲ့ ကုန်တင်သင်္ဘော တစ်စီးကို တားဆီးပြီး ဖမ်းဆီးခဲ့ပါတယ်။
ဒီလုပ်ရပ်ဟာ ပင်လယ်ပြင်ဓားပြတိုက်တာ ဖြစ်ကြောင်း နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ချိုးဖောက်မှု ဖြစ်ကြောင်း အီရန်ဘက်က ရှုမြင်ထားပါတယ်။
အီရန်က ဟောမု့ဇ် ရေလက်ကြားကို ဆက်လက် ပိတ်ဆို့ထားပြီး နှစ်လနီးပါးကြာပြီ ဖြစ်တာကြောင့် ကမ္ဘာ့ ရေနံဈေးနှုန်း သိသိသာသာ မြင့်တက်နေပါတယ်။
အဲဒီ ရေလမ်းကြောင်းကို ဧပြီ ၁၈ ရက်က ခေတ္တဖွင့်လှစ်ခဲ့ပေမယ့် အလျင်အမြန်ပဲ ပြန်ပိတ်ပစ်ခဲ့ပါတယ်။
အီရန်က ဖြတ်သန်းသွားလာတဲ့ သင်္ဘောတွေကို ပစ်ခတ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဒါဟာ အပစ်အခတ်ရပ်စဲမှုကို လုံးဝ ချိုးဖောက်မှု ဖြစ်တယ်လို့ ထရန့်က ပြောဆိုခဲ့ ပါတယ်။
မိမိတို့ ဆိပ်ကမ်းတွေကို အမေရိကန် ပိတ်ဆို့ထားမှု မရပ်တန့်သရွေ့ ဟောမု့ဇ် ရေလက်ကြားကို ပိတ်ထားမှာ ဖြစ်တယ်လို့ အီရန်က ပြောထားပါတယ်။
အမေရိကန်နဲ့ အီရန်ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဒုတိယအကျော့ကို စီစဉ်ထားတဲ့ အတိုင်း ကျင်းပသွားမယ့် လက္ခဏာတွေ တွေ့ရပေမယ့် ကိုယ်စားလှယ် အဖွဲ့ စေလွှတ်မလားဆိုတာကို ထရန့်က အတည်ပြုပေးဖို့ ငြင်းဆိုထားပါတယ်။
အခုလ စောစောပိုင်းက ပထမအကျော့ ဆွေးနွေးမှုများပြီးနောက် အမေရိကန် ဒုသမ္မတ ဂျေဒီ ဗန့်ဇ်က အီရန်က မိမိတို့ သတ်မှတ်ချက်တွေကို လက်ခံနိုင်လောက်တဲ့ အခြေအနေအထိ မရောက်ရှိနိုင်ခဲ့ဘူးလို့ ပြောပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဝါရှင်တန်အနေနဲ့ လွန်ကဲတဲ့ တောင်းဆိုမှုတွေ၊ ဥပဒေနဲ့ မညီတဲ့တောင်းဆိုမှုတွေ မလုပ်ဖို့ တိုက်တွန်းထားပါတယ်။
ဧပြီ ၂၀ ရက် ညနေပိုင်းအထိ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒုတိယအကျော့ ဆွေးနွေးတွေကို တက်ရောက်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
Ref:BBC

