ဆိုးလ်၊ အောက်တိုဘာ ၁၅
တောင်ကိုရီးယားနိုင်ငံသား ဒါဇင်ပေါင်းများစွာ ပြန်ပေးဆွဲခံရမှုမှာ ပါဝင်တဲ့ အွန်လိုင်း လူလိမ်စင်တာတွေနဲ့ အလုပ်လိမ်လည် ခေါ်ယူမှုတွေကို ဆွေးနွေးဖို့ တောင်ကိုရီးယားက ကမ္ဘောဒီးယားသို့ အောက်တိုဘာ ၁၅ ရက်မှာ အထူးအဖွဲ့ တစ်ဖွဲ့ စေလွှတ်လိုက်ပါတယ်။
ကမ္ဘောဒီယားရှိ အွန်လိုင်း လူလိမ်ဂိုဏ်းတွေမှာ ဖမ်းဆီးခံထားရတဲ့ မိမိတို့ နိုင်ငံသားအားလုံးကို မိခင်နိုင်ငံဆီ ပြန်ခေါ်သွားမယ်လို့ ဆိုးလ်အစိုးရက စောစောပိုင်းက ကတိပြုခဲ့တာပါ။

လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ တောင်ကိုရီးယား အထူး အဖွဲ့ဟာ အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက ကမ္ဘောဒီးယားသို့ ထွက်ခွာသွားတယ်လို့ အခြေအနေအရ အမည်မဖော်လိုတဲ့ အစိုးရအရာရှိ တစ်ဦးက ပြောပါတယ်။
ပျောက်ဆုံးနေတဲ့ တောင်ကိုရီးယားနိုင်ငံသား ၈၀ ဦးထဲက ၆၃ ဦးဟာ ကမ္ဘောဒီးယားမှာ ဖမ်းဆီးခံထားရတယ်လို့ ယုံကြည်ရပြီး တောင်ကိုရီးယား နိုင်ငံသား အားလုံးကို မိခင်နိုင်ငံဆီ ပြန်လည် ခေါ်ယူမယ်လို့ အစိုးရက ကတိပြုထားကြောင်း သမ္မတရုံးက အောက်တိုဘာ ၁၄ ရက်မှာ ပြောပါတယ်။
ကမ္ဘောဒီးယားမှာ ရှိနေချိန် တောင်ကိုရီးယား နိုင်ငံသား ၃၃၀ ဟာ အခုနှစ် ဇန်နဝါရီနဲ့ သြဂုတ်လအတွင်း ပျောက်ဆုံးသွားခဲ့တာ ဒါမှမဟုတ် ထိန်းသိမ်းခံခဲ့ရတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားပြီး အဲဒီထဲက လူ ၈၀ ဦး အန္တရာယ်ကင်း၊မကင်း အတည်မပြုရသေးဘူးလို့ ပြောပါတယ်။

ကမ္ဘောဒီးယားက ပူးပေါင်းဆောင်ရွက်လာစေရေး တောင်ကိုရီးယားအစိုးရ အနေနဲ့ သံတမန်ရေး နည်းလမ်း အားလုံးနဲ့ ကြိုးပမ်းသွားမယ်လို့ သမ္မတရုံးက ပြောပါတယ်။
တောင်ကိုရီးယားက ကမ္ဘောဒီးယားရှိ သူတို့ရဲ့ သံရုံးမှာ ရဲတပ်ဖွဲ့ဝင် အရေအတွက် တိုးမြှင့်ချထားတာ အပါအဝင် သံရုံးရဲ့ တုံ့ပြန်နိုင်မှု အားပိုကောင်းလာအောင် ဆောင်ရွက်ဖို့လည်း စီစဉ်ထားပါတယ်။
တုန့်ပြန်ရေး အဖွဲ့မှာ ရဲတပ်ဖွဲ့နဲ့ တောင်ကိုရီးယား ထောက်လှမ်းရေး အရာရှိတွေ ပါဝင်တယ်လို့ သမ္မတရုံးရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဖမ်းဆီးခံထားရတဲ့ တောင်ကိုရီးယား နိုင်ငံသားတွေ ပြန်လည် လွတ်မြောက်ရေး တောင်ကိုရီးယား ရဲတပ်ဖွဲ့က ကမ္ဘောဒီးယား အရာရှိတွေနဲ့ ဆွေးနွေးပြီး မကြာသေးခင်က တောင်ကိုရီးယား တက္ကသိုလ်ကျောင်းသား တစ်ဦး သေဆုံးမှုကို ပူးတွဲ စုံစမ်းစစ်ဆေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဒေသတွင်း ရာဇဝတ်ဂိုဏ်း တစ်ခုက ပြန်ပေးဆွဲပြီး နှိပ်စက်ခဲ့တယ်ဆိုတဲ့ ကိုရီးယား တက္ကသိုလ်ကျောင်းသား တစ်ဦး ကမ္ဘောဒီးယားမှာ သေဆုံးမှုကြောင့် တောင်ကိုရီးယားမှာ လူအများ ထိတ်လန့်ခဲ့ရပါတယ်။
အဲဒီ အမှုနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံသား ၃ ဦးကို လူသတ်မှု၊ အွန်လိုင်း လိမ်လည်မှုတို့နဲ့ ဖမ်းဆီးထားပါတယ်။
ကမ္ဘောဒီးယားရှိ အွန်လိုင်း လူလိမ်ဂိုဏ်းတွေမှာ ဥပဒေချိုးဖောက်မှုတွေဟာ အစုလိုက်အပြုံလိုက် ကျူးလွန်တဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ပြောထားပါတယ်။
Ref:AFP

