မဲဆောက်၊ အောက်တိုဘာ ၁၅
မြန်မာနိုင်ငံရှိ ကာရာအိုကေ ဘားတစ်ခုမှာ တရုတ်ဖောက်သည်တွေကိုဝန်ဆောင်မှုပေးဖို့ မိန်းကလေးငယ်နှစ်ဦး လူမှောင်ခိုကူးခံရမှုမှာ ပါဝင်တယ်လို့ စွပ်စွဲခံထားရသူ အသက် ၅၉ နှစ်အရွယ် အမျိုးသား တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က တက်ခ်ပြည်နယ်မှာ ဖမ်းဆီးလိုက်ပါတယ်။
သံသယရှိသူ အမျိုးသားရဲ့ အမည်ဟာ အန်နီဟုပ် ဖြစ်တယ်လို့ ဖော်ပြထားပြီး နာမည် အပြည့်အစုံကိုတော့ ရဲတပ်ဖွဲ့က ထိန်ချန်ထားပါတယ်။
အသက် ၁၅ နှစ်အောက်အရွယ် မိန်းကလေးတွေကို လူမှောင်ခိုကူးမှု၊ လိင်ပိုင်းဆိုင်ရာ အသုံးချစေခိုင်းမှု စွဲချက်နှစ်ခုနဲ့ အဲဒီအမျိုးသားကို ဖမ်းဆီးထားတာ ဖြစ်တယ်လို့ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးဌာန အကြီးအကဲ ရဲမှူးချုပ် ဝစ်သာယာ ဆရီဖရာဆတ်ဖတ်က အောက်တိုဘာ ၁၅ ရက်မှာ ပြောပါတယ်။
မြန်မာနယ်စပ် ထိုင်းမြောက်ပိုင်း တက်ခ်ပြည်နယ် မဲဆောက်ဒေသရှိ လမ်းမတစ်ခုပေါ်မှာ အောက်တိုဘာ ၁၄ ရက်က အန်နီဟုပ်ဆိုသူကို ရဲတပ်ဖွဲ့က တရားရုံး ဖမ်းဝရမ်းနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံထဲက ကာရာအိုကေ ဘားတစ်ခုမှာ အလုပ်ကောင်းကောင်း ရမယ်လို့ စောစောပိုင်းက သွေးဆောင်ခေါ်ယူခံခဲ့ရတဲ့ အသက် ၁၃ နှစ်နဲ့ ၁၄နှစ်အရွယ် မိန်းကလေးနှစ်ဦးကို စောင့်ရှောက်ထားသူတွေက အန်နီဟုပ်ကို စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။
တိုင်ကြားချက်တွေအရ အဲဒီ မိန်းကလေးတွေဟာ မြန်မာနိုင်ငံက ကာရာအိုကေဘားမှာ နေ့စဉ် ည ၈ နာရီကနေ မနက် ၃ နာရီအထိ အလုပ်လုပ်ကြရပြီး တရုတ်ဖောက်သည်တွေအတွက် လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးဖို့ စေခိုင်းခံရတယ်လို့ သိရပါတယ်။
သူတို့ ပြန်လွတ်မြောက်ဖို့ တစ်ယောက်ကို ဘတ် ၈၀၀၀ စီပေးရမယ်လို့ ပြောထားကြောင်း ရဲမှူးကြီး ဝစ်သာယာက ပြောပါတယ်။
မိန်းကလေးတွေရဲ့ မိဘတွေက အဲဒီ ကာရာအိုကေဘားဆီ ပြန်ရွေးငွေ လွှဲပေးခဲ့ပြီး မိန်းကလေးတွေ အန္တရာယ်ကင်းကင်းနဲ့ အိမ်ပြန်ရောက်လာပြီးမှ ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
အန်နီဟုပ်က စောစောပိုင်းမှာ စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး လူမှောင်ခို ကွန်ရက်မှာ သူပါဝင်ခဲ့တာ မရှိဘူးလို့ ထွက်ဆိုခဲ့ပါတယ်။
ရဲတပ်ဖွဲ့က သူတို့မှာ လုံလောက်တဲ့ သက်သေ အထောက်အထား ရထားပြီး ဖြစ်တာကြောင့် ဆက်လက် စွဲချက်တင်သွားမယ်လို့ ပြောပါတယ်။
အဲဒီ အမှုကို ဆက်လက် စုံစမ်း စစ်ဆေးနေတယ်လို့ ရဲမှူးကြီး ဝစ်သာယာက ပြောဆိုထားပါတယ်။
Ref:Bangkokpost

