ဟော်ဆန်၊ အောက်တိုဘာ ၁၅
မြေရှားသတ္တု တင်ပို့မှုအပေါ် တရုတ်က ပိုမိုတင်းကြပ်စွာ ထိန်းချုပ်ထားမှုကို တုံ့ပြန်ရေး ဥရောပသမဂ္ဂ (အီးယူ)က အမေရိကန်၊ တခြား ဂျီ-၇ လက်တွဲဖော်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းနေကြောင်း အီးယူ ကုန်သွယ်ရေး အရာရှိတွေနဲ့ တခြား အရာရှိတွေက အောက်တိုဘာ ၁၄ ရက်က ပြောကြား လိုက်ပါတယ်။
ကမ္ဘာမှာ မြေရှားသတ္တု အများဆုံး ထုတ်လုပ်တဲ့ တရုတ်က သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ကြား စီစဉ်ထားတဲ့ ဆွေးနွေးမှုတွေမတိုင်ခင် ပြီးခဲ့တဲ့ သီတင်းပတ်က စတင်ပြီး မြေရှားသတ္တု တင်ပို့မှုကို ပိုမိုတင်းကြပ်စွာ ထိန်းချုပ်လိုက်ပါတယ်။

အဲဒီ အစီအစဉ်တွေဟာ တရားမျှတမှု မရှိဘူးလို့ ဥရောပကုန်သွယ်ရေး ကော်မရှင်နာ မင်းကြီး မားကို့စ် ဆက်ဖ်ကိုဗစ်က ပြောကြားလိုက်ပြီး ကုန်သွယ်ရေး ပြဿနာတွေနဲ့ ပတ်သက်လို့ ဒိန်းမတ်မှာ အစည်းအဝေး ကျင်းပခဲ့တဲ့ အီးယူဝန်ကြီးတွေက တရုတ်ရဲ့ လုပ်ရပ်တွေ အရမ်းစိုးရိမ်စရာ ကောင်းကြောင်း ပြောဆိုခဲ့ကြပါတယ်။
တရုတ်က မြေရှားသတ္တု တင်ပို့မှုကို ပြီးခဲ့တဲ့ ဧပြီလမှာ ထိန်းချုပ်လိုက်တာကြောင့် ကမ္ဘာတဝန်း ပစ္စည်း ပြတ်လတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ကော်မရှင်နာမင်းကြီး ဆက်ဖ်ကိုဗစ်က အဲဒီ ကိစ္စကို ဂျီ-၇ ဝန်ကြီးတွေ နည်းလမ်းရှာဖွေဖို့ ဆွေးနွေးနေပြီး သူ့အနေနဲ့လည်း အမေရိကန် စီးပွားရေးဝန်ကြီး ဟောင်းဝပ် လူနစ်နဲ့ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

လာမယ့် သီတင်းပတ်အတွင်း တရုတ်အရာရှိတွေနဲ့ ဆွေးနွေးသွားဖို့ ရှိနေတယ်လို့လည်း ဆက်ဖ်ကိုဗစ်က ပြောထားပါတယ်။
ကမ္ဘာ့ အကြီးမားဆုံး ကုန်သွယ်ရေးအဖွဲ့အစည်းအဖြစ် အီးယူအနေနဲ့ စည်းစည်းလုံးလုံး၊ အားကောင်းကောင်းနဲ့ တုံ့ပြန်ရေး အင်အား ထုတ်ပြဖို့ လိုအပ်နေပြီလို့ ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီး လားစ် ရက်စ်မူဆန်က ပြောပါတယ်။
မိမိတို့အနေနဲ့ စည်းလုံးမှု ရှိရင် မျှမျှတတ လုပ်ဆောင်လာစေရေး တရုတ်ကို ကောင်းကောင်းဖိအား ပေးနိုင်မှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
အဲဒီ မြေရှားကိစ္စနဲ့ ပတ်သက်လို့ သမ္မတ ထရန့်က တရုတ်အပေါ် အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် စတော့ရှယ်ယာ ဈေးကွက်တွေ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ပါတယ်။
ဝန်ကြီး ရက်စ်မူဆန်က အခွန်တိုးကောက်တာတွေကို အားမပေးဘဲ ဘေဂျင်းနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေးဖို့ တိုက်တွန်းထားပါတယ်။
အီးယူအနေနဲ့ ဂျီ-၇နဲ့ ပူးပေါင်းပြီး မြေရှားသတ္တု စီမံကိန်းတွေ ပူးပေါင်းဖော်ဆောင်တာ ဒါမှမဟုတ် သတ္တုသန့်စင်ရေး လုပ်ဆောင်တာတွေ ပြုလုပ်သင့်တယ်လို့ ဝန်ကြီး ဆက်ဖ်ကိုဗစ်က ပြောပါတယ်။
အဲဒီလို စီမံကိန်းတွေ ဖော်ဆောင်ဖို့က အချိန်ယူရမှာ ဖြစ်ပေမယ့် တရုတ်ဆီက မိမိတို့ ရရှိလိုက်တဲ့ သတင်းစကားတွေအရ အဲဒီလို လုပ်ငန်းစဉ်တွေကို မိမိတို့အနေနဲ့ တတ်နိုင်သမျှ အများဆုံး လုပ်ဆောင်ရေး အာရုံစိုက်ဖို့ လိုအပ်နေပြီဆိုတာ ထင်ရှားတယ်လို့ ဝန်ကြီး ဆက်ဖ်ကိုဗစ်က ပြောဆိုထားပါတယ်။
Ref:Reuters

