အန်တာနာနာရီဗို၊ အောက်တိုဘာ ၁၅

အိန္ဒိယသမုဒ္ဒရာထဲရှိ ကျွန်းနိုင်ငံ မာဒါဂတ်စကာမှာ လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ သီတင်းပတ်များစွာကြာ ဖြစ်ပွားခဲ့ပြီးနောက် သမ္မတ အန်ဒရေး ရာဂျိုးလီနာဆီကနေ နိုင်ငံတော် အာဏာကို သိမ်းယူလိုက်ပြီလို့ ထိပ်တန်း စစ်ဖက်ဆိုင်ရာတပ်ဖွဲ့က ပြောလိုက်ပါတယ်။

မိမိတို့ စစ်တပ်အနေနဲ့ အစိုးရတစ်ရပ် ဖွဲ့စည်းပြီးတော့ နှစ်နှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပပေးသွားမှာ ဖြစ်ကြောင်း ထိပ်တန်းတပ်ဖွဲ့ CAPSAT အကြီးအကဲ ဗိုလ်မှူး ရန်ဒရီယန်နီရီနာက သမ္မတ နန်းတော်ရှေ့
ကနေ အောက်တိုဘာ ၁၄ ရက်က ပြောပါတယ်။

သူက ရွေးကောက်ပွဲကော်မရှင်လိုမျိုး အဓိက ဒီမိုကရေစီ အဖွဲ့အစည်းတွေကိုလည်း ဆိုင်းငံ့ထားလိုက်ပါတယ်။

ဂျန်နရေးရှင်း ဇက် တို့ဦးဆောင်ပြီး ဆန္ဒပြလှုပ်ရှားခဲ့ကြတာကြောင့် သူတို့ရဲ့ တောင်းဆိုမှုတွေကို မိမိတို့ လေးစားရမှာ ဖြစ်ပြီး အပြောင်းအလဲတွေမှာလည်း တစ်စိတ်တစ်ပိုင်းအနေနဲ့ လူငယ် ဂျန်နရေးရှင်း ဇက်တွေ ပါဝင်သွားမှာ ဖြစ်တယ်လို့ ဗိုလ်မှူး ရန်ဒရီယန်နီရီနာက ဖြည့်စွက် ပြောပါတယ်။

သမ္မတ အန်ဒရေး ရာဂျိုးလီနာ ရာထူးက ထွက်သွားပုံရတဲ့အတွက် စစ်သားတွေနဲ့ဆန္ဒပြသူတွေ အောင်ပွဲခံခဲ့ကြပြီး မြို့တော် အန်တာနာနာရီဗိုမှာ လူထောင်ပေါင်းများစွာက နိုင်ငံတော်အလံတွေ ဝှေ့ယမ်းပြီး ပျော်ရွှင်နေခဲ့ကြပါတယ်။

စီမံအုပ်ချုပ်ရေးဌာနများ ကော်ပိုရေးရှင်းလို့ အဓိပ္ပါယ်ရတဲ့ CAPSAT တပ်ဖွဲ့ဟာ မာဒါဂတ်စကာမှာ အင်အား အကြီးမားဆုံး စစ်ဖက်ဆိုင်ရာ တပ်ဖွဲ့ ဖြစ်ပါတယ်။

အဲဒီ တပ်ဖွဲ့ဟာ ၂၀၀၉ ခုနှစ်မှာ သမ္မတ ရာဂျိုးလီနာ အာဏာရလာချိန်မှာ သူ့ကို ထောက်ခံခဲ့ပေမယ့် အောက်တိုဘာ ၁၁ ရက်က စတင်ပြီး ဆန္ဒပြသူတွေနဲ့ ပူးပေါင်းခဲ့တာပါ။

သမ္မတ ဆက်လက် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပြီး အာဏာသိမ်းဖို့ ကြိုးပမ်းတာကို ရှုတ်ချကြောင်း သမ္မတရုံးက ကြေညာချက် ထုတ်ပေမယ့် မာဒါဂတ်စကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံးက ဗိုလ်မှူး ရန်ဒရီယန်နီရီနာကို နိုင်ငံရဲ့ ခေါင်းဆောင်အသစ်အဖြစ် သတ်မှတ်ကြေညာလိုက်ပါတယ်။

သမ္မတ ရာဂျိုးလီနာ ရှိနေတဲ့ နေရာကို မသိရသေးပေမယ့် စစ်တပ်နဲ့ နိုင်ငံရေးသမားတွေက သူ့ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းတာကြောင့် ဘေးကင်းတဲ့ နေရာမှာ ပုန်းနေတယ်လို့ ပြောထားပါတယ်။

အဲဒီလို လုပ်ရပ်တွေမှာ မိမိတို့ ပါဝင်ပတ်သက်မှု မရှိဘူးလို့ CAPSAT တပ်ဖွဲ့က ငြင်းဆိုထားပါတယ်။

သမ္မတဟာ ပြင်သစ်စစ်ဖက်ဆိုင်ရာ လေယာဉ်နဲ့ ပြည်ပသို့ ထွက်ပြေးသွားပြီဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အောက်တိုဘာ ၁၄ ရက်မှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အဖွဲ့အစည်း အားလုံးအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ငြိမ်းချမ်းစွာ အဖြေရှာဖွေကြဖို့ တိုက်တွန်းထားပါတယ်။

သမ္မတ ပြည်ပသို့ ထွက်ပြေးသွားတာကြောင့် မာဒါဂတ်စကာမှာ ဝရုန်းသုန်းကား ဖြစ်နေရတယ်လို့ ဗိုလ်မှူး ရန်ဒရီယန်နီရီနာက ပြောပါတယ်။

နိုင်ငံတဝန်း ရေနဲ့လျှပ်စစ်ဓာတ်အား ပြင်းပြင်းထန်ထန် ပြတ်တောက်မှုကို ဆန့်ကျင်ပြီး လူငယ်တွေ ဦးဆောင် ဆန္ဒပြပြီးနောက် ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကျော်က မငြိမ်သက်မှုတွေ စတင်ခဲ့တာပါ။

အဲဒီနောက် ဆန္ဒပြပွဲ အရှိန်မြင့်တက်လာခဲ့ပြီး အလုပ်လက်မဲ့နှုန်း မြင့်မားနေမှု၊ အဂတိလိုက်စားမှု များပြားနေမှုနဲ့ နေစားစရိတ် ပြဿနာတွေကြောင့် သမ္မတ ရာဂျိုးလီနာ အစိုးရကို မကျေနပ်သူတွေလည်း ဆန္ဒပြပွဲတွေမှာ ပါဝင်လာခဲ့ကြပါတယ်။

ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပဋိပက္ခ ဖြစ်ပွားခဲ့တာကြောင့် လူ ၂၂ ဦး သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

မာဒါဂတ်စကာ အစိုးရက အဲဒီလို ပြောဆိုမှုတွေကို ပယ်ချထားပြီး ကောလဟလနဲ့ သတင်းအမှားတွေအပေါ် အခြေခံပြီး ပြောဆိုမှု ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

လုပ်ငန်းရှင်နဲ့ DJ တစ်ယောက် ဖြစ်ခဲ့သူ ရာဂျိုးလီနာဟာ အသက် ၃၄ နှစ် အရွယ်မှာ သမ္မတနဲ့ အာဖရိကရဲ့ အသက်အငယ်ဆုံး ခေါင်းဆောင် ဖြစ်လာခဲ့ ပါတယ်။

ဒါပေမဲ့ အကျင့်ပျက်ခြစားမှုနဲ့ ခရိုနီဝါဒ စွပ်စွဲချက်တွေကြောင့် လူထုထောက်ခံမှု ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်အမတ်တွေက သူ့ကို ရာထူးက မဖယ်ရှားခင်သူက အမျိုးသားလွှတ်တော်ကို ဖျက်သိမ်းဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.