ဝါရှင်တန်၊ အောက်တိုဘာ ၁၄
ကမ္ဘာတဝန်း လူသန်းပေါင်းများစွာဆီက ဒေါ်လာ ဘီလီယံပေါင်းများစွာ လိမ်လည်ရယူနေတဲ့ မြန်မာ ကျားဖြန့် စင်တာတွေကို အင်တာနက် ဝန်ဆောင်မှုပေးရာမှာ သူဌေးကြီး အီလွန်မက်စ်ရဲ့ Starlink ဂြိုဟ်တုလုပ်ငန်း ပါဝင်နေမှုကို စတင် စုံစမ်း စစ်ဆေးနေပြီ ဖြစ်ကြောင်း အမေရိကန် လွှတ်တော်ရှိ သြဇာကြီးမားတဲ့ ပါတီနှစ်ရပ်ပေါင်း ကော်မတီ တစ်ခုက ပြောကြား ပါတယ်။
ကျားဖြန့် စင်တာတွေကို ရှင်းထုတ်ပစ်ဖို့ ရည်ရွယ်ခဲ့တဲ့ ဖေဖော်ဝါရီလက နှိမ်နှင်းချိန်လောက်မှာပဲ မြန်မာနိုင်ငံရှိ ကျားဖြန့်စင်တာ အဆောက်အဦတွေရဲ့ ခေါင်မိုးတွေပေါ်မှာ Starlink အင်တာနက်လိုင်း ဖမ်းယူရေး ဒစ်ပြားတွေ အများအပြား ပေါ်လာခဲ့တယ်လို့ ကြားသိလာရပြီးနောက် အဲဒီ စုံစမ်း စစ်ဆေးမှု ထွက်ပေါ်လာခဲ့တာ ဖြစ်တယ်လို့ အေအက်ဖ်ပီ သတင်းဌာနက စုံစမ်းဖော်ထုတ်ထားပါတယ်။

ပြည်တွင်းစစ် ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ Starlink ဟာ သုံးလအတွင်း ရုတ်တရက်ဆိုသလို အကြီးမားဆုံး အင်တာနက် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီ ဖြစ်လာခဲ့တယ်လို့ အာရှဒေသဆိုင်ရာ အင်တာနက် မှတ်ပုံတင်ရေး အဖွဲ့ APNIC ရဲ့ အချက်အလက်တွေက ဖော်ပြနေပါတယ်။
Starlink ကို ပိုင်ဆိုင်ထားတဲ့ SpaceX ကုမ္ပဏီဆီ မှတ်ချက်ပြုပေးဖို့ ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိဘူးလို့ အေအက်ဖ်ပီသတင်းမှာ ဖော်ပြထားပါတယ်။
ကျားဖြန့် လုပ်ငန်းတွေနဲ့ Starlink ကုမ္ပဏီ ပါဝင်ပတ်သက်နေမှုနဲ့ ပတ်သက်ပြီး ဇူလိုင်လကတည်းက စတင် စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်တယ်လို့ အမေရိကန် လွှတ်တော် ပူးပေါင်းစီးပွားရေး ကော်မတီက ပြောပါတယ်။

အဲဒီ လုပ်ငန်းတွေကို လက်ခံထားတဲ့ စစ်ကော်မရှင် လိုလားတဲ့ လက်နက်ကိုင်အဖွဲ့ရဲ့ ကျားဖြန့် လုပ်ငန်းစင်တာတွေကို ဖြိုခွင်းရေး တရုတ်နဲ့ ထိုင်းတို့က ဖေဖော်ဝါရီလအတွင်း ဖိအားပေးခဲ့ပြီးနောက် တရုတ်နိုင်ငံသား အများစု ပါဝင်တဲ့ လူ ၇၀၀၀ လောက် ဆိုးရွားလှတဲ့ ကျားဖြန့်လုပ်ငန်းတွေကနေ လွတ်မြောက်လာခဲ့ပါတယ်။
အဲဒီ လုပ်ငန်းတွေဟာ အလုပ်သမားတွေကို အတင်းအကြပ် အလုပ်စေခိုင်းနေသလို လူမှောင်ခိုကူးပြီး လုပ်ငန်းလည်ပတ်နေတာ ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ဖုန်း၊ အင်တာနက်နဲ့ လူမှုမီဒီယာများကတဆင့် ကမ္ဘာတဝန်းရှိ လူတွေကို ပစ်မှတ်ထားနေတဲ့ ကျားဖြန့် လုပ်ငန်း ဦးစီးသူတွေက အလုပ်သမားတွေကို ရိုက်နှက်ပြီး နာရီအများကြီး အလုပ်စေခိုင်းခဲ့တယ်လို့ အလုပ်သမားတွေကပြောပါတယ်။
အွန်လိုင်း လူလိမ်လုပ်ငန်းတွေဆီ Starlink အင်တာနက် ဝန်ဆောင်မှု ပေးနေတာ ရပ်တန့်ဖို့ အီလွန်မက်စ်ကို အမေရိကန် လွှတ်တော်ကော်မတီ ထိပ်သီး ဒီမိုကရက် လွှတ်တော်အမတ် မက်ဂီ ဟာဆန်က တောင်းဆိုထားပါတယ်။
Ref:The Guardian/ AFP

