ကွာလာလမ်ပူ၊ အောက်တိုဘာ ၁၄
လာမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ ထိုင်းနဲ့ကမ္ဘောဒီးယား ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့် တက်ရောက်မှာ ဖြစ်ကြောင်း အိမ်ရှင် မလေးရှား နိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ ၁၄ ရက်မှာ ပြောကြားလိုက်ပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားကြား ပြီးခဲ့တဲ့ ဇူလိုင်လက တင်းမာမှုတွေဟာ ဆယ်စုနှစ်များစွာအတွင်း လူသေဆုံးမှု အများဆုံး စစ်ရေးပဋိပက္ခ အသွင်ပြောင်းသွားခဲ့ပြီး လူ ၄၀ ခန့် သေဆုံးပြီးတော့ လူပေါင်း သုံးသိန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

ငါးရက်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် ထရန့်ရဲ့ တစ်စိတ်တစ်ပိုင်း ကြားဝင်စေ့စပ်မှုနဲ့ နှစ်နှိင်ငံကြား အပစ်အခတ်ရပ်စဲဖို့ သဘောတူညီခဲ့ကြပြီး အဲဒီ နောက်ပိုင်း သဘောတူညီမှု ချိုးဖောက်တယ်ဆိုပြီး နှစ်ဖက် အပြန်အလှန် အကြိမ်ကြိမ် စွပ်စွဲခဲ့ကြတာပါ။
ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေး သဘောတူညီမှုကို ထရန့်က ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရဖို့ မျှော်လင့်နေပါတယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ကွာလာလမ်ပူမြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
မလေးရှား မြို့တော်မှာ အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိ ကျင်းပမယ့် အာဆီယံညီလာခံ တက်ရောက်ရေး အမေရိကန်သမ္မတဟာ အောက်တိုဘာ ၂၆ ရက်မှာ မလေးရှားသို့ လာရောက်မှာ ဖြစ်တယ်လို့ ဝန်ကြီး ဟာဆန်က ပြောပါတယ်။
နှစ်နိုင်ငံ နယ်စပ်က စစ်ဖက်ဆိုင်ရာ စက်ယန္တရားတွေတွေနဲ့ မြေမြှုပ် မိုင်းအားလုံးကို ဖယ်ရှားပေးရမယ့် ထိုင်းနဲ့ကမ္ဘောဒီးယားကြား ပိုရှည်ကြာတဲ့ အပစ်ရပ် သဘောတူညီမှုအတွက် မလေးရှားနဲ့ အမေရိကန်က ကြားဝင်ညှိနှိုင်းသူတွေအဖြစ် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။

နှစ်နိုင်ငံစလုံးအနေနဲ့ အဲဒီ သတ်မှတ်ချက်တွေကို အပြည့်အဝ လိုက်နာပြီး အာဆီယံညီလာခံမှာ ကြေညာချက် တစ်ရပ် လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ မိမိတို့ မျှော်လင့်ကြောင်းလည်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အိမ်နီးချင်း နှစ်နိုင်ငံ တင်းမာမှုတွေ ပြေလည်သွားတာကို မြင်တွေ့လိုတယ်လို့ ထရန့်က အသိပေးစာ ပေးပို့ထားကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင်က ပြောပါတယ်။
ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဆီရီပွန်ကတော့ အဲဒီ အငြင်းပွားမှုကို အမေရိကန်က ဦးစားပေး ကိစ္စအဖြစ် သဘောထားနေကြောင်း မိမိတို့ သတိပြုမိပေမယ့် အမေရိကန်ရဲ့ ကမ်းလှမ်းမှုကို မိမိတို့ လက်မခံခင် မိမိတို့ တင်ပြထားတဲ့ အချက် လေးချက်ကို ကမ္ဘောဒီးယားက အရင်ဆုံး လက်ခံရမှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။
Ref:Agencies

