ဝါရှင်တန် ဒီစီ၊ အောက်တိုဘာ ၁၄
စစ်တပ် ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး နိုဝင်ဘာ ၂၂ ရက် ဝါရှင်တန်ဒီစီမှာ ကြီးမားတဲ့ ဆန္ဒပြပွဲ တစ်ခု ပြုလုပ်ရေး အောက်တိုဘာ ၁၁ ရက်က ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းတွေ့ဆုံမှု ပြုလုပ်ခဲ့တယ်လို့ အမေရိကန်မှာ နေထိုင်တဲ့ မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတွေ အပါအဝင် မြန်မာအသိုင်းအဝိုင်းက ပြောလိုက်ပါတယ်။
ဒီဇင်ဘာ ၂၈ ရက် စတင်ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ကြောင်း နိုင်ငံတကာကို အသိပေးဖို့အတွက် ဆန္ဒပြပွဲ စီစဉ်တာ ဖြစ်တယ်လို့ ဦးဆောင်စီစဉ်သူတွေက ပြောပါတယ်။

အွန်လိုင်းတွေ့ဆုံပွဲကို အမေရိကန်နိုင်ငံမှာ နေထိုင်သူတွေ အပါအဝင် ကမ္ဘာတဝန်းရှိ မြန်မာအရေး တက်ကြွလှုပ်ရှားသူတွေ တက်ရောက်ခဲ့ကြပါတယ်။
နိုင်ငံ အမျိုးမျိုးမှာ ဆန္ဒပြပွဲတွေ ဘယ်လို ပြုလုပ်သွားမလဲဆိုတာ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်လို့ အမေရိကန်မှာ နေထိုင်သူ ကိုကိုလေးက ပြောပါတယ်။
၂၀၂၁ ခုနှစ်မှာကတည်းက နှုတ်ဆိတ်နေခဲ့ရတဲ့ မြန်မာပြည်သူတွေရဲ့ အသံကို အများကြားစေဖို့ ရည်ရွယ်ပြီး ဆန္ဒပြဖို့ စီစဉ်တာ ဖြစ်တယ်လို့ ဆန်ဖရန်ဆစ္စကိုဘေး ဒေသခံ မခင်သီရိနန္ဒာစိုးက ပြောဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က နိုင်ငံတော် အာဏာသိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင်တွေက သူတို့ကျင်းပမယ့် ရွေးကောက်ပွဲအတွက် စောင့်ကြည့်လေ့လာသူတွေ စေလွှတ်ပေးဖို့ အာဆီယံကို တောင်းဆိုထားပါတယ်။

အဲဒီတောင်းဆိုမှုနဲ့ ပတ်သက်လို့ အာဆီယံက အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိ ကျင်းပမယ့် ညီလာခံအတွင်း ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
စစ်တပ်အုပ်ချုပ်မှုအောက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို အမျိုးသား ညီညွတ်ရေးအစိုးရ NUG အပါအဝင် စစ်ကော်မရှင် ဆန့်ကျင်ရေးအဖွဲ့ ၂၀ က ပယ်ချထားပါတယ်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် နေပြည်တော်သို့ လာရောက်ခဲ့ပြီးနောက် စစ်တပ် ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်း သတင်းစာက ရွေးကောက်ပွဲကို မလေးရှားက ထောက်ခံပြီး စောင့်ကြည့်လေ့လာသူတွေ စေလွှတ်ပေးဖို့ သဘောတူထားတယ်လို့ ဖော်ပြခဲ့ပါတယ်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာတော့ နိုင်ငံခြားရေး ဝန်ကြီးအနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ရေးနဲ့ အားလုံး ပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ရေး၊ NUG အပါအဝင် တော်လှန်ရေးအင်အားစု အားလုံးနဲ့ ညှိနှိုင်းဆွေးနွေးရေး စစ်ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့တယ်လို့ပဲ ဖော်ပြထားပြီး ရွေးကောက်ပွဲကို ထောက်ခံကြောင်း ဖော်ပြချက် တစ်ခုမှ မပါရှိပါဘူး။
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်း အင်္ဂလိပ်ပိုင်း သတင်းစာရဲ့ အဲဒီ ဖော်ပြချက်နဲ့ ပတ်သက်လို့ မလေးရှားအစိုးရကို မလေးရှားပညာရှင်တွေနဲ့ မူဝါဒကျွမ်းကျင်သူတွေက ပြစ်တင် ဝေဖန်နေကြပါတယ်။
မလေးရှားအစိုးရအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ရပ်တည်ချက် မူဝါဒကို ဆက်လက် ထိန်းသိမ်းရမှာ ဖြစ်ပြီး စစ်ကောင်စီရဲ့ အသုံးချခံ ဖြစ်လို့ မရဘူးလို့ မာလာယာ တက္ကသိုလ်က ဖွဲ့စည်းထားတဲ့ မြန်မာ့အရေး လေ့လာရေး ကျွမ်းကျင်သူများအဖွဲ့နဲ့ မြန်မာနိုင်ငံဆိုင်ရာ မလေးရှား အကြံပေးအဖွဲ့တို့က ပြောဆိုထားပါတယ်။
စစ်ခေါင်းဆောင်တွေ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှု မရှိသလို အားလုံး ပါဝင်မှုလည်း မရှိတာကြောင့် အတုအယောင် ရွေးကောက်ပွဲပဲ ဖြစ်တယ်လို့ မလေးရှား ပညာရှင်များအဖွဲ့ရဲ့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြပါတယ်။
စစ်ကော်မရှင်က မလေးရှား နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ် အပြီးမှာလည်း လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေတာက သူတို့ အနေနဲ့ အာဆီယံ ဘုံသဘောတူညီချက်ကို အလေးမထားဘူးဆိုတာ သက်သေထူနေတယ်လို့ မလေးရှား ပညာရှင်တွေက ပြောဆိုထားပါတယ်။
Ref:DVB/Malaymail

